မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြန်မာနှစ်ကူးသင်္ကြန်ကာလ ငါးရက်ကျရောက်မည်ဖြစ်သည့်အတွက် ကျင်းပနေကြဖြစ်သော တောသင်္ကြန်နှင့် လမ်းလျှောက်သင်္ကြန်တို့ကိုနှစ်စဉ်ထည့်သွင်းကျင်းပလျက်ရှိရာ ပြီးခဲ့သည့်နှစ်က တောသင်္ကြန်အဖြစ်ကျင်းပခဲ့သော ကျုံးအရှေ့ဘက်ခြမ်း(၆၆)လမ်းနေရာမှ ယခုနှစ်တွင် ကျုံးအနောက်ဘက်ခြမ်း လမ်း(၈၀)ပေါ်သို့ ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီနှစ်မန္တလေးသင်္ကြန်အစီအစဉ်ကတော့ ကျုံးအရှေ့ခြမ်း(၆၆)လမ်းကို အလွတ်အတိုင်းထားရှိသွားမယ်။ ယခင်နှစ်က ဒီ(၆၆)လမ်းပေါ်မှာ ကျင်းပခဲ့တဲ့ တောသင်္ကြန်ကို ကျုံးအနောက်ဘက်ခြမ်း လမ်း(၈၀)ပေါ် ပြောင်းလဲကျင်းပသွားမှာပါ။ ဒါ့အပြင် ကျုံးတောင်ဘက်ခြမ်း ၂၆လမ်းပေါ်မှာ ကျင်းပမယ့် လမ်းလျှောက်သင်္ကြန် မှာ မဏ္ဍပ်ပုံစံစင်ဆောက်ခွင့်ပြုမှာမဟုတ်သလို ပိုက်၊ရေစုပ်စက်တွေနဲ့ ရေပက်တာ၊ ဆောင်းဘောက်စ်တွေနဲ့ သီချင်းဖွင့်တာတွေ ခွင့်ပြုမှာမဟုတ်ပါဘူး။ အုန်းလက်မဏ္ဍပ်တွေနဲ့အတူ ရေဖလားတွေနဲ့အေးချမ်းစွာ ရေပက်ကစားနိုင်ဖို့စီစဉ်သွားမှာပါ။”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ‌ပြောကြားခဲ့သည်။
တောသင်္ကြန်ကို ကျုံးအနောက်ဘက်ခြမ်း လမ်း၈၀ပေါ်၊ (၂၂)လမ်းမှ (၂၅)လမ်းအကြားတွင် ကျင်းပသွားမည် ဖြစ်သလို မိသားစု တနိုင်တပိုင် ရေစုပ်စက်ဖြင့် ရေကစားလိုများအတွက်ကိုလည်း ကျုံး‌မြောက်ဘက်ခြမ်း ၁၂လမ်းပေါ်၊ (၇၃)လမ်းမှ လမ်း(၈၀)အထိ ခွင့်ပြုပေးမည်ဖြစ်သည်။
ယင်းအပြင် လမ်းလျှောက်သင်္ကြန်အတွက် ပါဝင်ဆင်နွှဲလိုသည့် အသင်းအဖွဲ့နှင့် ကုမ္ပဏီများအတွက် မဏ္ဍပ်ဆောက်လုပ်ရန် ပေ(၃၀)နေရာအကျယ်အ၀န်းအတွက် ကျပ်(၁၅) သိန်း၊ ပေ(၂၀)အတွက် ကျပ်(၁၀)သိန်းနှင့် (၁၀)ပေအတွက် ကျပ်(၅)သိန်း သတ်မှတ်ထားပြီးပေ ၁၅၀ အကျယ်ထိ ဆောက်လုပ်ခွင့်ပြုမည့် သင်္ကြန်မဏ္ဍပ်ကြီးများကို ကျုံး အနောက်ခြမ်း လမ်း(၈၀)ပေါ်၊ (၁၂)လမ်းမှ(၂၂)လမ်းအထိ တည်ဆောက်ခွင့်ပြုမည်ဖြစ်ကာ ယင်းမဏ္ဍပ်ကြီးများ အတွက်ကို လေလံစနစ်ဖြင့် (၁၂)ခုချထားပေးမည်ဖြစ်သည်။
ယခုနှစ်သင်္ကြန်ကာလအတွင်း မန္တလေးမြို့ခံများ၊ အဝေးမှလာရောက်လည်ပတ်သူများနှင့် နိုင်ငံခြားသား များအတွက်ညအချိန်အပန်းဖြေလည်ပတ်နိုင်စေရန်ရည်ရွယ်ပြီး မဟာအောင်မြေမြို့နယ်ရှိ ၃၈လမ်းမပေါ်(၇၃လမ်းမှ ၇၈လမ်းအထိ) တွင် Night Marketတစ်ခုဖွင့်လှစ်သွားနိုင်ရန် စီစဉ်နေသည်။
မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ်မှ ၁၃၈၂ခုနှစ်သို့ ကူးပြောင်းမည့် နှစ်ကူးအတာသင်္ကြန်ကာလသည် ၂၀၂၀ခုနှစ်၊ဧပြီ လ(၁၂)ရက်မှ (၁၆)အထိ ငါးရက်တိတိကျရောက်မည်ဖြစ်သည့်အတွက် ယခုနှစ် မန္တလေးသင်္ကြန်ပွဲတော် ကို ယခင်နှစ်များနှင့်မတူဘဲ အပြောင်းအလဲများပြုလုပ်သွားရန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက စီစဉ်လျက်ရှိသည့်အပြင် ရုံးဝင်းအတွင်းမှာလည်း မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ကို စတင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
ဝိတလူ

Post a Comment

Previous Post Next Post