ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယနိုင်ငံက ဗိုက်ဆာနေကြတဲ့ သန်းပေါင်းများစွာသော ဆင်းရဲသားတွေရဲ့ အခြေအနေ…

ဗိုက်ဆာနေတဲ့ မိသားစုတွေဟာ စားစရာရှာဖို့ အပြင်ထွက်တော့ ရဲက ကြိမ်လုံးနဲ့ လိုက်ရိုက်တယ်..။ အိမ်ထဲမှာနေတော့လည်း ဗိုက်ဆာနေတဲ့ ကလေးတွေက ငိုလှပြီ…။ အဲဒီ COVID-19 ဆိုတာ ကြောင့် ၂၁ ရက် အိမ်ထဲမှာနေရမယ်လို့ အစိုးရက ပိတ်ဆို့လိုက်တော့ သန်းပေါင်းများစွာသော ဆင်းရဲသားတွေ ငတ်ကုန်ပေါ့..။



အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကဗိုက်ဆာနေတဲ့ ဆင်းရဲနွမ်းပါးသူတွေကို’ခွင့်လွှတ်ပါ’ လို့ တောင်းပန်ရုံကလွဲပြီး…။ “ဆင်းရဲသားတွေကို ဒုက္ခရောက်စေတဲ့ ဒီကြမ်းတမ်းတဲ့ခြေလှမ်းတွေကို လှမ်းစေခဲ့တဲ့အတွက် ငါတောင်းပန်ပါတယ်”

ဒါပေမဲ့ အပြင်ထွက်ပါလို့ ခွင့်မပေးနိုင်…။ တစ်နိုင်ငံလုံး ဗိုင်းရပ်စ်ကူးစက်ခံရရင် အတုံးအရုံးသေကြမှာကိုး…။ ဒီလောက်များလှတဲ့ လူတွေအတွက် ဆေးရုံ၊ ဆေးဖိုးက ပိုပြီးမတတ်နိုင်ဘူးလေ..။ ဘေးကျပ်နံကျပ် အခြေအနေ..။

“ မင်းတို့ထဲက တချို့တွေ ငါ့ကိုစိတ်ဆိုးကြလိမ့်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲကို အောင်နိုင်ဖို့အတွက် ဒီလိုခက်ခဲတဲ့အစီအမံတွေ လိုအပ်လို့ပါ ။ ” ဗိုက်ဆာနေတဲ့သူတွေဟာ ဒီစကားကို နားဝင်ပါ့မလား..။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) ဟာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့ မတ်လ ၂၄ ရက် ကမှ စခဲ့တာ..။ ပြည်သူတွေ သုံးပတ် မပြင်မထွက်ရဘူးဆိုပြီး (lock down) လုပ်ခဲ့တယ်..။


အတိုက်အခံပါတီတွေက အခွင့်အရေးဝင်ယူတယ်..။ ‘အရေးပေါ် အစီအစဉ်တွေ ကြိုမလုပ်ခဲ့လို့’ ဘာညာပေါ့..။ နိုင်ငံသားအချို့က ထောက်ခံကြတယ်..။ အရမ်းနောက်ကျနေပြီပေါ့..။

ပြည်သူ့ကျန်းမာရေးစနစ်နိမ့်ကျတဲ့၊ လူဦးရေများတဲ့၊ ဆင်းရဲသားတွေများတဲ့ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုးကြီးကို ရှောင်ရှားဖို့ ခိုင်မာတဲ့ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ခဲ့နိုင်တာ တွေးလို့ရတဲ့ အဖြေတစ်ခုပါ….။

နိုင်ငံသားအချို့က နားလည်တယ်..။ ဒါပေမဲ့ သေရေးရှင်ရေး ဒုက္ခရောက်ကြပြီ၊ ငတ်ပြတ်ကြပြီဆိုတော့ ဘယ်သူက ကူတွေးနိုင်မှာလဲ..။ သွေးကွဲ ရန်ဖြစ်ကုန်ကြတာပဲ..။ လူ့သဘာဝကိုး..။

မတ်လ ၂၆ ရက်၊ နံနက်..

အိန္ဒိယက မိခင်တစ်ယောက်ဟာ AIDS ဖြစ်နေတဲ့ ၁၅ နှစ်အရွယ် သား Himanshu အတွက် ပုံမှန်ဝယ်နေကျဆေးဝယ်ဖို့ အစိုးရဘတ်စ်ကားစီးဖို့ ကြိုးစားခဲ့ပေမဲ့ဘတ်စ်ကားစီးခွင့် မရခဲ့ပါ..။ ART ဆေးဝါးတွေသောက်မှ မိမိရဲ့သား HIV ရဲ့ဒဏ်ခံနိုင်မယ်…။ အစိမ်းရောင်ဆေး စာအုပ်လေးကိုပြ တောင်းပန်ပေမဲ့ အရိုက်ခံရရုံ…။

ဆေးရုံက နယူးဒေလီမြို့၊ Gole Market နားက Kalawati Saran ကလေးဆေးရုံတဲ့..။ လမ်းလျှောက်သွားဖို့လည်း မလွယ်..။ လမ်းတွေမှာ ရဲတွေပိတ်ပြီး စောင့်နေတယ်..။ Himansh ရဲ့အဖေက စက်ဘီးနဲ့ ခိုးထွက်ပြန်တယ်..။ စေတနာ့ဝန်ထမ်းရဲက ကြိမ်လုံးနဲ့ ရိုက်ပြန်တယ်..။

“တစ်ခါတလေ ဒေလီရဲတွေက ဆေးရုံစာအုပ်ကိုတွေ့ရင် သွားခွင့်ပေးပါတယ်။ ဒါပေမဲ့ သူတို့က HIV ဆိုတဲ့ စကားလုံးကိုတွေ့ရင် လိုက်ဖမ်းပြီး အိမ်ပြန်ခိုင်းတယ်”

အိန္ဒိယဟာ ကမ္ဘာမှာ တတိယမြောက် HIV အများဆုံးနိုင်ငံဖြစ်တယ်..။ ၂၀၁၇ ခုနှစ်တွင် အမျိုးသား AIDS ထိန်းချုပ်ရေးအဖွဲ့ရဲ့အချက်အလက်များအရ HIV ပိုးရှိနေတဲ့ အိန္ဒိယလူမျိုး ၂၁.၄ သန်း ရှိတယ်..။

အိန္ဒိယအစိုးရဟာ အစိုးရဆေးရုံတွေမှာ မှတ်ပုံတင်ထားတဲ့ HIV ပိုးရှိသူအားလုံးကို ART ဆေးဝါး ထောက်ပံ့ပေးတယ်။ ဒါပေမဲ့ HIV ဆိုတာနဲ့ မူးယစ်ဆေးစွဲတဲ့သူတွေလို ထင်ကြတာပဲ..။ မကောင်းတဲ့ မိန်းမ/ ယောကျ်ားဆီက ရလာတယ်လို့ထင်ကြတာပဲ..။ HIV ရှိသူများကို ခွဲခြားဆက်ဆံကြတယ်။ နှိမ်ကြတာ COVID-19 ရောဂါရမှ မဟုတ်ပါဘူး..။

ကီရာလာပြည်နယ်တောင်ပိုင်း၊ ပါပက်ဒ်မှာ ရာနှင့်ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အိမ်ပြန်ဖို့ စုရုံးနေကြဆဲ..။ သူတို့ တနင်္ဂနွေနေ့အထိ အိမ်မပြန်နိုင်ကြသေး..။

“ ဒီလို အစုလိုက်အပြုံလိုက် လှုပ်ရှားတော့ ပိုပြီးမကူးစက်ဘူးလား..?”

အဲဒီတော့ အခြားအုပ်စုက..

“ ဟိုး အရင်ကတည်းက တစ်ယောက်ချင်းပြန်လွတ်၊ အလုပ်ဖြုတ်ရင် ဘယ်သူက အိမ်ပြန်မှာလဲ..။ အိမ်အရင်ပြန်ခိုင်းရင် အရင် ငတ်မှာပေါ့..”

ဘာပဲဖြစ်ဖြစ် ဒါ အစိုးရကြောင့်ပဲ..။ တနင်္ဂနွေနေ့က ModiMadeDisaster လို့ hashtag နဲ့ အိန္ဒိယနိုင်ငံ တွမ်တာလူမှုကွန်ယက် မှာ ဗြောင်းဆန်နေခဲ့တယ်..။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ Madhav Raj က…

“ကျွန်တော်တို့ ကိုရိုနာကြောင့် မသေခင် လမ်းလျှောက်၊ အစာငတ်ပြီး သေရပါတော့မယ်..။”

ရွှေ့ပြောင်းအလုပ်သမားတွေဟာ သူတို့ဇာတိကျေးရွာက အိမ်ကိုပြန်ဖို့ အစိုးရက စီစဉ်ပေးတဲ့ ကားတွေမလုံလောက်.. မိုင်ပေါင်းများစွာဝေးတဲ့ သူတို့ အိမ်ကို လမ်းလျှောက်ပြန်ရတဲ့ အဖြစ်..။

စနေနေ့ သတင်းထဲမှာ အစိုးရက အိမ်ပြန်ဖို့ စီစဉ်ပေးတဲ့ ထရပ်ကားတွေကို တွယ်စီး၊ အမိုးပေါ်ကတက်စီးနဲ့ လူတွေ သေနေတာ ၅ ယောက်ရှိပြီတဲ့…။

မွန်ဘိုင်းမြို့ရဲ့ Dharavi ဆင်းရဲသားရပ်ကွက်က အသက် ၅၀ အရွယ်ရှိတဲ့ Amirbee Shaikh Yusuf က…

“ကျွန်တော်တို့မှာ စားစရာမရှိဘူး.. သောက်စရာ ရေလည်းမရှိဘူး။ မိသားစုကို ဘယ်လိုကျွေးမွေးရမလဲ ဆိုတာမသိတော့ပါဘူးဗျာ..” တဲ့..။

ဗိုင်းရပ်စ်ကပေးလိုက်တဲ့ နောက်ဆက်တွဲ ပြဿနာက သန်းနဲ့ချီတဲ့ ဆင်းရဲသားတွေ အလုပ်လက်မဲ့ဖြစ်သွားတယ်..။ ဆာလောင်မွတ်သိပ်နေကြတာပဲ..။

အိန္ဒိယအစိုးရက ဆင်းရဲသားတွေကို ငွေ အနည်းငယ်ပေးတာတို့၊ အစားအစာဝေတာတွေ လုပ်မယ်လို့ ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့က ကြေညာခဲ့သေးတယ်။

အစိုးရကဒေါ်လာ ၂၂.၆ ဘီလီယံ ကိုသုံးခဲ့ပေမဲ့ ဒီလောက်များလှတဲ့ လူတွေကို ဗိုက်ပြည့်ဖို့ဆိုတာ မလွယ်ကူပါ..။ အိန္ဒိယ လူဦးရေ ၁.၃ ဘီလီယံရဲ့ လေးပုံတစ်ပုံဟာ ဆင်းရဲနွမ်းပါးသူတွေဖြစ်တယ်..။

“အရမ်းငတ်ပြတ်လာရင် လူတွေက အိမ်အပြင်မထွက်ရတဲ့အမိန့်ကို ငြင်းဆန်ကြလိမ့်မယ်..။ ဗိုက်ဆာလာကြရင် သူတို့မှာ အခြားရွေးချယ်စရာ မရှိတော့ဘူး”

အိန္ဒိယနိုင်ငံ စီးပွါးရေးကျပြီး ဒုက္ခရောက်နေတာ ခြောက်နှစ်ရှိပြီလေ..။ COVID-19 ဟာ ဆင်းရဲသားတွေကို ပိုပြီး ကျပ်တည်းစေတယ်..။ ပိုပြီးဆိုးဝါးစေတယ်..။

COVID-19 ဟာ ချမ်းသာတဲ့သူတွေကို ဗိုက်ပြည့်ပြည့်နဲ့ ကုတင်ပေါ်မှာ အထီးကျန်သေစေတယ်..။ ဆင်းရဲတဲ့သူတွေကိုတော့ အစာအိမ်ဟောင်းလောင်းနဲ့ လမ်းပေါ်မှာသေစေတယ်..။ ဒီ ပြဿနာတွေအတွက် အဖြေမရှိသေးပါ..။

ကမ္ဘာပေါ်က အီတလီလို၊ စပိန်လို COVID-19 ကို သေလုမြောပါး ရင်ဆိုင်နေရတဲ့ သူတွေအတွက်တော့ အိပ်ရာက နိုးထနိုင်သေးတယ်ဆိုတာကိုပဲ ကျေးဇူးတင်နေကြရ..။ ရှင်သန်ခြင်းရဲ့ တန်ဖိုးကို ကျေးဇူးတင်တတ်နေပြီလေ..။

အခုအချိန်မှာ ဘဝတွေ ဘယ်ကို သွားရမှန်းမသိ..။ တစ်ယောက်တည်း ရောက်တဲ့နေရာမှာ ရပ်နေကြရတဲ့ အခြေအနေ..။

တရုတ်ကြောင့်..၊ လူလုပ်တဲ့ ဗိုင်းရပ်စ်မို့..၊အစိုးရ အသုံးမကျလို့ ..၊ ပြည်ပကလူတွေ ပြန်ဝင်လာလို့ ဆိုပြီး ရန်ဖြစ်ပြီး သီအိုရီထုတ်နေရမဲ့ အချိန်မဟုတ်ဘူး..။ စည်းလုံးရမယ်..။ ဒေါသဖြစ်စေတဲ့၊ ရန်တိုက်ပေးတဲ့ ပို့စ်တွေကြောင့် သွေးမကွဲကြပါနဲ့..။

ဒီဗိုင်းရပ်စ်ရဲ့ သဘောက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရင်.. ကိုယ့်မိဘ၊ မိသားစု၊ ရပ်ကွက်နဲ့ နိုင်ငံမက ကမ္ဘာကြီးအထိ ကာကွယ်နိုင်မယ်တဲ့..။

လောလောဆယ်တော့ ဒါပဲတွေးကြရအောင်လား..။

မရွှေမိုး (ကိုရီးယား)
March 30th,2020

Post a Comment

Previous Post Next Post