မလှိုင်မြို့နယ်၌ ကျန်းမာရေး စစ်ဆေးခံရမှုနှင့် ပတ်သက်၍ မကျေနပ်ဟုဆိုကာ တရုတ်နိုင်ငံမှ ပြန်ရောက်လာသူက ရပ်ကျေး အဖွဲ့ဝင်အား ဓါးဖြင့်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း မတ် ၂၆ ရက်တွင် ရဲတပ်ဖွဲ့မှ သိရသည်။မတ် ၂၅ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် မလှိုင်မြို့ သက္ကယ်ကျင်းကျေးရွာအုပ်စု၌ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဓားခုတ်ခံရကြောင်းသတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အခင်းဖြစ်နေရာတွင် ရပ်ကျေးအဖွဲ့ဝင် အမျိုးသား ဦးခေါင်းဝဲဘက် ပြတ်ရှဒဏ် ရာရရှိထားသည်ကို တွေ့ရပြီး ၎င်းကို စစ်ဆေးချက်အရ လွန်ခဲ့သော ငါးရက်ခန့်က တရုတ်နိုင်ငံမှ ပြန်ရောက်နေသည့် သက္ကယ်ကျင်းကျေးရွာနေ နိုင်လင်း(၃၁)နှစ်အား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ Covid – 19 ရောဂါပိုးရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။

ထိုသို့ စစ်ဆေးခံရမှုနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် စစ်ဆေးခံရသည် ဟုဆိုပြီး အုပ်ချုပ်ရေးမှူးအား ခေါင်းဖြတ်မည်၊ အိမ်ကို မီးရှို့မည်ဟု အော်ဟစ်ဆဲဆိုကြိမ်းဝါးခဲ့သည်ဟု ဆိုသည်။

Image result for မလှိုင်

ထို့ကြောင့် ရာအိမ်မှူးများက အုပ်ချုပ်ရေးမှူးထံအကြောင်းကြားကာ အုပ်ချုပ်ရေးအဖွဲ့က သွားရောက် ထိန်းသိမ်းစဉ် နိုင်လင်းက ဝါးရိုးတပ် အရိုးအသွား ၁၈ လက်မခန့်ရှိ ဓားရှည်ကိုင်ဆောင်၍ လည်းကောင်း၊ နိုင်လင်းနှင့်အတူနေသူ ဇော်ဦးဆိုသူက ဝါးရိုးတပ် အရိုးအသွား ၁၀ လက်မခန့်ရှိ လှံကိုင်ဆောင်၍ လည်းကောင်း နေအိမ်မှထွက်လာကာ အုပ်ချုပ်ရေးမှူးအား ရန်ပြုစဉ် ရပ်ကျေးအဖွဲ့ဝင် အမျိုးသားက ဝင်ရောက် တားမြစ်ခဲ့သည်။ထိုသို့တားမြစ်စဉ် အဆိုပါရပ်ကျေးအဖွဲ့ဝင်အမျိုးသားအား နိုင်လင်းက ဓားဖြင့်ခုတ်ပြီး ဇော်ဦးက လှံဖြင့် ထိုးခဲ့ကြောင်း သိရသည်။နှောကန်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ၂၉၄/၅၀၆/၃၅၃/၃၂၄ အရ အမှုဖွင့်ကာ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြန်မာတိုင်းမ်



Post a Comment

Previous Post Next Post