မင်္ဂလာတောင်ညွှန့်မြို့နယ်မှ Covid 19 ကိုဗစ်ရောဂါလူနာ အသက်အန္တရယ်စိုးရိမ်ရပြီး မြို့နယ်အတွင်း လမ်းဘေးဈေးများပိတ်ရန်၊ ဆိုင်များအားလုံးပါဆယ်သာ ရောင်းချရန် မြို့နယ် အဆင့် ဒေသန္တရ အမိန့် ယနေ့ ထုတ်ပြန်မည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျ နိုင်ငံတွင် (၁) လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်္ကာပူနိုင်ငံ၌ (၄) ရက်ခန့် နေထိုင်ခဲ့ပြီးနောက် (၁၄-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ကြောင်း၊ (၁၈-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့မှစတင်၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တွင် စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ၍ အထူးကြပ်မတ်ခန်း (ICU) တွင် ကုသမှုပေးလျက်ရှိစဉ် မတ်လ ၂၆ ရက်နေ့တွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ)ရခြင်းဖြစ်သည်။
“သူက ကင်ဆာက Last stage ။ အခုတော့ သူ့မိသားစုက Close Contact ဖြစ်တဲ့ သမီးနဲ့ သမက်ကိုတော့ ဝေဘာဂီ ခေါ်သွားပြီ။ သားတွေဘာတွေတော့ အိမ်မှာ ကျန်သေးတယ်။ အဲဒါကိုတော့ Home Quarantine လုပ်ထားတယ်။ လမ်းပိတ်ဖို့ လုပ်ထားတယ်။ အစည်းအဝေးဆုံးဖြတ်တယ်။ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ဒေသန္တရ အမိန့်တွေ ထုတ်မယ်။ လမ်းဘေးဈေးတွေပိတ်မယ်။ ဆိုင်တွေကို မန္တလေးလိုပဲ ပါဆယ်ရောင်းပေါ့။ ဒေသန္တရ အမိန့် ဒီနေ့ ထွက်မယ်” ဟု ဒေါ်ဖြူဖြူသင်းကဆိုသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း ရောဂါတွေ့ရှိသော ၁၀၁ လမ်းကို အသွားအလာပိတ်၍ပိုးသတ်ဆေးဖြန်းရန်၊ လမ်းဘေးဈေးများအား ၁၄ ရက်ခန့် ယာယီပိတ်သိမ်းရန်၊ မြန်မာ့ဂုဏ်ရည်လမ်းဈေး ၊အာသားလမ်းဈေး၊ လွတ်လပ်ရေးဈေးသည်များ၊ ၁၂၁ လမ်း ဈေး စသဖြင့်စားသောက်ဆိုင် များအားလုံး ပါဆယ်သာ ရောင်းချရန်၊ ရပ်ကွက်အလိုက် ပရဟိတ လုပ်ကိုင်ဆောင်ရွက် လိုသူများ စုစည်းပြီး သတင်းရယူခြင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ပြင်ပမှဝင်ရောက်လာသူများနှင့် ထူးခြားသတင်းများအား သက်ဆိုင်ရာမြို့နယ် အဖွဲနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်း၊လူစုလူဝေးများအား ကန့်သတ်ခြင်းများ ဆောင်ရွက်ရန် ယနေ့ ဒေသန္တရ အမိန့်ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် လူနာနေထိုင်ခဲ့သည့် မင်္ဂလာ တောင်ညွန့်မြို့နယ်ဖို့မြေရပ်ကွက် ၁၀၁ လမ်း၊အမှတ် ၁၀၈ ကိုလည်း လတ်တလော Lock Down ချထားပြီး လမ်းကိုလည်း အဝင်အထွက် ကန့်သတ်ပိတ်ဆို့ထားကြောင်း သိရှိရသည်။

ခေတ်သစ်မီဒီယာ

Post a Comment

Previous Post Next Post