“သင်္ကြန်မိုးနှင့် အတူ”

လက်ရှိအချိန်မှာ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ မြန်မာပြည်ကြီးဖြစ်နေပေမယ့် နယ်ဘက်တွေမှာတော့ သင်္ကြန်သီချင်းလေးတွေ ကျိုကြားကျိုကြား ကြားနေရတုန်းပါ။ မြန်မာ့သမိုင်းမှာ ပထမဆုံး မပြုလုပ်ဖြစ်တဲ့ သင်္ကြန်လို့တောင် ဆိုရမလိုပါပဲ။ ကျနော်က သင်္ကြန်ဆို အပြင်ထွက်လေ့မရှိပါဘူး။ ရေပက်တာလဲ သိပ်ဝါသနာ မပါပါဘူး။ ဒါပေမယ့် ဒီနှစ်သင်္ကြန်မှာ ပွဲတော်မလုပ်ခြင်းဟာ ကောင်းကျိုးတွေကို ယူဆောင်လာပေးနိုင်ပါတယ်။

ဒီနေ့အထိ မြန်မာပြည်မှာ အတည်ပြု လူနာ ၁၄ ယောက် တွေ့ရှိနေရပါတယ်။ များလားဆိုရင် များပါတယ်။ ဒါပေမယ့် အဲဒီ ၁၄ ယောက်ထဲမှာ ၅ ယောက်ဟာ အရင်အတည်ပြုထားတဲ့ လူနာတွေနဲ့ ထိတွေ့ခဲ့သူတွေပါ။ ဒါဟာ ဘာကို ညွှန်ပြသလဲဆိုရင် မြန်မာပြည်ရဲ့ Trace လိုက်မှုဟာ မညံ့ဖျင်းကြောင်း ပြပါတယ်။ လူနာ နံပါတ် ၈ နဲ့ ထိတွေ့ခဲ့သူတွေကို လိုက်စောင့်ကြည့်နေပေမယ့် သူနဲ့အတူ အချိန်အကြာကြီး သွားလာခဲ့တဲ့ ပြင်သစ် ၄ ဦးတောင် အကုန်မကူးပဲ ၁ ယောက်ကျန်နေတာကို တွေ့ရင် သိပ်မဆိုးလှတာကို မြင်နိုင်ပါတယ်။ ဒီရောဂါဟာ ဖြတ်သွားဖြတ်လာလောက်နဲ့ မကူးစက်ပါဘူး။ Local case တွေမှာလဲ ပြည်သူက ပူးပေါင်းပါဝင်လို့ အဆင်ပြေပါတယ်။ နောက်ပီး ကူးစက်ခံနေရသူ ၁၄ ဦးထဲ ၁၂ ဦးက အခြေအနေကောင်းပါတယ်။ ၅ ဦးက လက္ခဏာဖြစ်တဲ့ ဖျားနာ ချောင်းဆိုးတောင် မဖြစ်ပါဘူး။ ဒါကြောင့် ဆေးရုံရောက်ပီဆို သေမယ်မထင်ကြပါနဲ့။ ကောင်းလာဖို့ ရာနှုန်းများလှပါတယ်။

လူအများစုက အခုအချိန်မှာ အရင်က ပြောခဲ့သလို စောင်ဆာဝန်တွေ ဘာလုပ်နေလဲလို့ အော်ကြမယ်။ ဖျားသွားမယ် အော်ကြတယ်။ လွန်ခဲ့တဲ့ ၂လထဲက လက်ဆေးပါ။ လူစုလူဝေး မလုပ်ပါနဲ့။ တသွင်သွင်အော်နေပေမယ့် ဘယ်သူမှ မလိုက်နာကြပါဘူး။ ဒါ့အပြင် ကျန်ဌာနတွေရဲ့ ပူးပေါင်းမှုကလဲ လျော့ရဲပါတယ်။ ဥပမာပြရရင် မြဝတီကိစ္စပါ။ နေ့စဉ် ထောင်နဲ့ချီ ဝင်လာတဲ့ အချိန်မှာ ဘယ်အင်အားကမှ အသင့်ဖြစ်မနေပါဘူး။ ၂လလောက် အလုပ်လုပ်ပီး အော်နေရတဲ့ ကမဝကပဲ ရှေ့တန်းကိုပြေးပီး စစ်ရပါတယ်။ လူမနိုင်လို့ ဗဟိုက ဆရာဝန်တွေ ဆင်းသွားတယ်။

ဘားအံက သူနာပြုတွေ၊ ရန်ကုန်သူနာပြုသင်တန်းကျောင်းက သူနာပြုတွေနဲ့ ဘားအံက တက္ကသိုလ်ကျောင်းသားတွေ ဝန်းရံကြပီး အသေအကြေလုပ်ရပါတယ်။ အခုထိပါပဲ။ အဲမှာ ဝင်လာသူတွေကို အာပေါက်အောင် တံတွေးခန်းအောင် ရှင်းပြလိုက်ကြပေမယ့် အစရက်တွေမှာ သူတို့ပြန်လာကြတဲ့ မြို့နယ်တွေက Home Quarantine ကို သေချာမလုပ်ကြပါဘူး။ အဲအချိန်မှာ ထိန်းချုပ်ရေးဌာနတွေကော အရေးယူရမယ့်ဌာနတွေကပါ အေးဆေးလုပ်နေကြပါတယ်။ တကယ်တော့ ကူးစက်ရောဂါဥပဒေကို ချိုးဖောက်တာဟာ ရဲအရေးပိုင်မှုပါ။ ဝရမ်းမလိုပဲ ဖမ်းလို့ရပါတယ်။ မဖမ်းကြတော့ ခက်နေတာပါ။ မနေ့ကမှ စပီး တရားစွဲတာပါ။ အဲဒါကိုတော့ ကြိုဆိုပါတယ်။

ဒီတော့ ရန်ကုန်မှာ Quarantine လုပ်နေတာတွေ အပါအဝင် ကုသရေးကော ကာကွယ်ရေးကော အသိပညာပေးတာကော အကုန် ကမဝက လုပ်နေရပါတယ်။ နောက်ဆုံးတော့ ကူးစက်သူတွေ ရှိလာတော့ ရွာတွေထဲ ဒီလိုထားရင် မဖြစ်တော့ဘူးဆိုပီး ထွေအုပ်တွေက တဆင့် ရွာထဲရောက်နေသူတွေကိုပါ ပြန်ခေါ်ပီး သီးခြားနေရာတွေမှာ ပြန်စောင့်ကြည့်နေရပါတယ်။ တပြည်လုံးလုပ်နေကြပါပီ။ ပြည်သူ့ကျန်းမာက ထွေအုပ်တွေ ပြည်ထဲရေးနဲ့ ပေါင်းပီး လုပ်နေတာပါ။ အခုနောက်ပိုင်း ထိုင်းက လာသူ အကုန် အဲလိုပဲ ထားတော့မှာပါ။ ဒါ့အပြင် ကူးစက်သူကို Trace လိုက်တာ၊ အမြို့မြို့ အနယ်နယ်က စောင့်ကြည့်လူတွေကို ကြည့်ရှူဖို့က အတော်ခက်ပါတယ်။ ပရဟိတအဖွဲ့တွေနဲ့ ပြည်သူတွေက ဝိုင်းကြည့်ပေးကြလို့သာ အဆင်ပြေတာပါ။
ဒီနေရာမှာ တခုပြောချင်တာက ရွာသူရွာသားတွေ အတော်များများ ကျန်းမာရေးဗဟုသုတရှိလာတာပါ။ မနေ့က ရွာဘက်က လူတွေနဲ့ တွေ့လို့ မေးကြည့်တော့ သူတို့ဟာ COVID-19 နဲ့ ပတ်သက်ပီး အတော်သိနေကြပါတယ်။ အရင်ကဆို ရောဂါအသစ်တွေအကြောင်း မသိကြပါဘူး။ ဒီတခုကတော့ အားတက်စရာပါ။ နောက်ပီး ရွာတွေမှာ Quarantine ဘာလို့ထားရတယ်။ ထိုင်းကပြန်လာသူတွေကို ဘယ်ကိုပို့ရမယ်။ ဘယ်နှရက်ထားရမယ်ဆိုတာ သိနေကြတာတွေ့လို့ ဝမ်းသာမိပါတယ်။ ထိုင်းကပြန်လာသူတွေ အများဆုံးပြန်တဲ့ဒေသက ပဲခူးတိုင်းပါ။ သတိပြုပီး စောင့်ကြည့်ရမှာပါ။

လက်ရှိအနေအထားအရတော့ မြန်မာပြည်မှာ အသစ်တွေ့ရှိသူတွေက Trace လိုက်ရာက မိတာဖြစ်လို့ အခြေအနေမဆိုးသေးပါဘူး။ ပြည်သူကလဲ ပူးပေါင်းကြတာလဲ ပါပါတယ်။ ဒီအရေအတွက်ဟာ ဘယ်လောက်ထိ ထိုးတက်သွားမလဲ။ ပြန်ကော ကျဦးမလားဆိုတာကို နောက် ၂ပတ်အတွင်း အဖြေပေါ်မှာပါ။ တချို့က Lock Down ချစေချင်ပီး တချို့က မလုပ်စေချင်တဲ့အချိန်မှာ အလားအလာက ပြောရခက်နေဆဲပါ။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ကံတရားအရ အရေးကြီးချိန်မှာ ပွဲတော်ကြီးတခုက ခံနေပါတယ်။ အဲဒါက အချိုးအကွေ့ဖြစ်သွားနိုင်ပါတယ်။

ဒီနှစ်မှာ ၁၀ ရက်တိတိ ပိတ်ရက်ရမယ့် သင်္ကြန်ပွဲတော်ကြီးက စောင့်နေပါတယ်။ တပြည်လုံးက ကားတွေကလဲ စောပိတ်ကြမယ်။ လူတွေကလဲ အလုပ်တွေပိတ်တာမို့ ကိုယ့်အိမ်မှာ အေးဆေးနေလို့ရပါလိမ့်မယ်။ YBS တိုးရခြင်းတွေ အလုပ်မပိတ်ခြင်းတွေဟာလဲ ကင်းဝေးသွားပါမယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဌာနတချို့ကလွဲရင် ကျန်ဌာနတွေကလဲ ပိတ်လို့ တကယ်ကို Self Isolation လုပ်လို့ရတဲ့အခိုက်အတန့်ပါပဲ။ အဲဒီအချိန်မှာ အားလုံး အပြင်မထွက်ပဲ အိမ်ထဲမှာပဲ နေလိုက်ကြရင် ဒါဟာ Lock Down သဘောမျိုးပါပဲ။ ၁၀ ရက်ဆိုတာ ၂ ပတ်နီးပါးလောက်ရတဲ့အချိန်ပါ။ အဲဒီအချိန်မှာ တားဆီးလိုက်နိုင်ရင်တော့ အခြေအနေဟာ အတော်ကြီးကို ကောင်းသွားပါလိမ့်မယ်။ အဖြူ အမဲ သဲကွဲပါလိမ့်မယ်။

အခုအချိန်ဟာ အရေးကြီးကာလကို ဖြတ်သန်းနေလို့ သတိနဲ့ နေကြပါ။ သင်္ကြန်မှာ အိမ်ထဲမှာ အေးအေးဆေးဆေး နေလိုက်ကြခြင်းဟာ ရောဂါကူးစက်မှုကို အထူး လျော့ကျစေပါလိမ့်မယ်။ သင်္ကြန်အပီးမှာတော့ အခြေအနေကောင်းမွန်လာတဲ့ မြန်မာနိုင်ငံကို မျှော်လင့်လို့ရနိုင်ပါတယ်။ အခု အပြည်ပြည်ဆိုင်ရာက အကူအညီတွေလဲ လာနေပါပီ။ အားလုံးလဲ အစွမ်းကုန် ကြိုးစားနေကြပါတယ်။ အမြန်ဆုံး ကပ်ဆိုးကြီးက လွတ်မြောက်ကြဖို့ မျှော်လင့်ရင်း သင်္ကြန်မိုးပြေးလေးကို ဒီတကြိမ်မှာတော့ ငံ့လင့်နေမိပါတော့တယ်။ သင်္ကြန်မိုးနဲ့အတူ လွင့်ပါးသွားပါစေ။

Nay Thway

Post a Comment

Previous Post Next Post