ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်လူနာနှင့် သံသယလူနာများ၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးနေသော အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)၏ စစ်ဆေးမှုသည် ၁၀၀ ရာခိုင်နှုန်းမှန်ကန်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မတ် (၁၅) ရက်နေ့တွင် ရန်ကုန် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး မစ္စမျး လှူဒါန်းပွဲအခမ်းအနားတွင် ပြောကြားသည်။

“ကျွန်တော်တို့နိုင်ငံမှာ အခုအချိန်အထိ တစ်ယောက်မှ မတွေ့သေးဘူး။ တချို့က ပြောကြတယ်၊ မှန်လို့လား။ ကျွန်တော်တို့ NHL သည် လုံး၀ ၁၀၀ ရာခိုင်နှုန်းမှန်တယ်။ NHL က ၂၀၀၈ ခုနှစ်ကတည်းက National Influenza Centre ရပြီးသား ဖြစ်တယ်။ ဒီစင်တာတွေမှာပဲ လုပ်ခွင့်ရှိတယ်။ ကျွန်တော်တို့ဆီမှာ စက်တွေ အကုန်ရှိတယ်။ သို့သော် ဒီဗိုင်းရပ်စ်က နိုဗယ်ကိုရိုနာဖြစ်တဲ့အတွက် ဒီဗိုင်းရပ်စ်ကို စစ်ဖို့ဆိုရင် Primers, Probe and Reagents တွေကို အသစ်ထွင်ရတယ်။

ပထမ စဖြစ်ခါစမှာ ကျွန်တော်တို့ နိုင်ငံမှာမရှိတဲ့အတွက် ထိုင်းနိုင်ငံမှာ စစ်ရတယ်။ နောက်ပိုင်းမှာ ဂျပန်က ရောက်တယ်။ စင်ကာပူက ပေးတယ်။ ဒါတွေ ရတဲ့အခါမှာ ချက်ချင်းလက်မခံသေးဘူး။ ကျွန်တော်တို့ စမ်းလိုက်တယ်။ ၁၀ ယောက်က negative၊ အဲဒီ negative ၁၀ ယောက်ရဲ့ sampleတွေကို WHO အနီးဆုံးနိုင်ငံကတစ်ဆင့် ထိုင်းနိုင်ငံ ပို့လိုက်တယ်။ သူတို့ပြန်စစ်တယ်။ အဲဒီမှာ ကျွန်တော်တို့ရဲ့ NHLကို ယုံကြည်စိတ်ချသွားတယ်။ ကျွန်တော်တို့ အမျိုးသားဌာနမှာ လုံးဝစိတ်ချယုံကြည်ရတယ်။ ပါမောက္ခ ဒေါက်တာ ဌေးဌေးတင်တို့၊ ဒေါက်တာ ဥမ္မာဆွေတင်တို့ ၂၄ နာရီလုံး လုပ်နေတာ။ PPE ဝတ်ပြီး အဆင့်ဆင့် လုပ်နေရတာ။ ဘယ်လောက် risk များလဲ၊ ပြည်သူတွေကို သိစေချင်လို့ ဒီနေရာက ပြောခြင်းဖြစ်တယ်” ဟု ဝန်ကြီးက ပြောဆိုသည်။

ပြည်သူများအနေဖြင့် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) လုပ်ဆောင်ရာတွင် မိမိကိုယ်တိုင်နှင့် မိသားစု၊ မိတ်ဆွေများကိုပါ ရောဂါကူးစက်မှုမှ ကင်းဝေးစေပြီး အကျိုးရှိ၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုသည်။



“ဒီနေရာမှာ ပြောချင်တာက တချို့လူတွေက ရှောင်နေကြတယ်။ မှော်ဘီမှာ သွားရှောင်နေတယ်။ quarantine လုပ်မှာစိုးလို့၊ စောင့်ကြည့်ခြင်းသည် သူ့အတွက် အလွန်အကျိုးရှိတယ်။ စပြီးရောဂါဖြစ်တာနဲ့ သူ့အိမ်၊ သူ့မိသားစု၊ သူငယ်ချင်းတွေကို မကူးဘူး။ quarantine လုပ်ရင် အကုန် အလကားကျွေးတယ်။ မနက်စာကအစ အကုန်ကျွေးတယ်။ တချို့ကမဆင်းချင်တော့ဘူး။ quarantine လုပ်တယ်ဆိုတာ အကျိုးရှိတာကိုပြောခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ၊ မရှိ အဆင့်မြင့် နည်းပညာ Polymerase Chain Reaction (PCR) ဖြင့် စစ်ဆေးခြင်း၊ ဓာတ်ခွဲအဖြေထုတ်ပေးခြင်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

TSTD

Post a Comment

Previous Post Next Post