သေဆုံးသွားသော ကော်ရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာအမျိုးသမီး၏ ကျေးရွာဖြစ်သော တံတားဦးမြို့နယ်၊ ဇီးကံကျေးရွာသို့ ကျန်းမာရေးအဖွဲ့များ ရှေ့ပြေး ကွင်းဆင်း စစ်ဆေးနေ

ကျေးရွာကို ပိတ်ဆို့ကန့်သတ်ရန်ရှိ၊ မရှိမှာ သေဆုံးသူလူနာအမျိုးသမီး၏ ဆေးစစ်ချက်အဖြေရလဒ်ပေါ်မူတည်နေ

By ရန်ကုန်ခေတ်သစ်

တံတားဦးမြို့နယ်မှ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်နှင့် ဆက်သွယ်မေးမြန်းချက်

မန္တလေးတိုင်းတွင် ကော်ရိုနာစောင့်ကြည့်လူနာအမျိုးသမီးတစ်ဦးသေဆုံးသွားရာ အဆိုပါအမျိုးသမီး၏ နှာခေါင်းတို့ဖတ်ကို ရန်ကုန်သို့ ပို့ဆောင်ပြီး ဆေးစစ်ချက်ရလဒ်ကို စောင့်ဆိုင်းလျက်ရှိသည်။ အဆိုပါ လူနာအမျိုးသမီးနေထိုင်ခဲ့သော ကျေးရွာသို့လည်း ကျန်းမာရေးအဖွဲ့များသွားရောက်ကွင်းဆင်းနေပြီဖြစ်သည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက တံတားဦးမြို့နယ်မှ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်နှင့် ဆက်သွယ်မေးမြန်းထားပါသည်။



မေး။ ။ တံတားဦးမြို့နယ်မှ ကော်ရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအမျိုးသမီးတစ်ဦး ဆုံးသွားတယ်လို့ သိရလို့ အခြေအနေဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဒီနေ့မနက် ကန်တော်နဒီဆေးရုံမှာ ကုသမှုလုပ်နေရင်းဆုံးသွားတယ်ပေါ့။ ကော်ရိုနာဗိုင်းရပ်စ် ရှိ၊ မရှိကိုတော့ စစ်ဆေးထားတယ်ပြောတာပဲ။ ကျန်တာကတော့ ဘာမှမသိသေးပါဘူး။



မေး။ ။ သေဆုံးသွားသူက ဘယ်ရွာကပါလဲ။

ဖြေ။ ။ တံတားဦးမြို့နယ်၊ ဇီးကံံကျေးရွာ၊ မသိန်းကြည်(ခ) မအိ အသက် ၂၇နှစ်ပေါ့။

မေး။ ။ သူတို့ မိသားစုဝင်တွေကို သီးခြားထားပြီလား။ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ။ မိသားစုတွေကိုတော့ ဖျားတာနာတာရှိ ၊ မရှိနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေအကုန်လုံး ရွာကမိသားစုကိုကော ကျေးရွာထဲမှာရှိတဲ့ ကျန်းမာရေးအခြေအနေတွေ ဘယ်လိုရှိလဲဆိုတာတွေကို အကုန်လုံး မြို့နယ်ကျန်းမာဦးစီးနဲ့ အကုန်လုံး ဖျားတာနာတာ တိုင်းတာတာတွေအကုန်လုံး ဆောင်ရွက်နေတယ်လို့တော့သိရတယ်။

မေး။ ။ ဆုံးသွားတဲ့သူကအစောကြီးတည်းက ရောဂါအခံရှိတာလား။ ဘယ်လိုမျိုးလဲ။

ဖြေ။ ။ သူကရွာကနေ ဘယ်မှတော့ မထွက်ဘူး။ စက်ယက်ကန်းယက်တယ်ပေါ့ဗျာ။ သူတို့အိမ်မှာ စက်ယက်ကန်း နှစ်ခုံရှိတယ်။ သူတစ်ခုံ သူညီမတစ်ခုံယက်တယ်။ လွန်ခဲ့တဲ့ ၂လတည်းက ရင်ကြပ်တယ်ပေါ့။

အဲဒါနဲ့ တောင်ပြုံးဆေးရုံ တိုက်နယ်ခွဲ ဆေးရုံမှာ သူတက်တယ်။ တက်ပြီးတော့ မသက်သာလို့ လူမှုကူညီရေးအသင်းကားနဲ့ မန္တလေးဆေးရုံကြီးကို လာတာ။ မန္တလေးဆေးရုံကြီးက ချောင်းဆိုးတယ်၊ အသက်ရှုကြပ်တယ်ဆိုတော့ သူ့ကို ကန်တော်နဒီဆေးရုံကို ပို့လိုက်တာပေါ့။ ပို့လိုက်တော့ ဒီနေ့ မနက်မှာ ဆုံးသွားတာပေါ့။

မေး။ ။ ဆုံးသွားတဲ့ အမျိုးသမီး နေထိုင်ခဲ့တဲ့ ကျေးရွာကိုရော အသွားအလာတွေ စောင့်ကြည့် ကန့်သတ်ဖို့ရှိလား။

ဖြေ။ ။ အဲတာတွေနဲ့ ပတ်သက်လို့ ညွှန်ကြားထားတာတော့ မရှိပါဘူး။ အခုတော့ ကျန်းမာရေးအဖွဲ့တွေတော့ ရှေ့ပြေးသွားပြီ။ ကျေးရွာတွင်းမှာ ဒီလိုရောဂါ လက္ခဏာမျိုးတွေ ရှိ ၊ မရှိပေါ့။

မိသားစုဝင်တွေကို စစ်ဆေးကြည့်တော့လည်း ကျွန်တော်သိရတဲ့ သတင်းအရဆိုရင် တစ်ယောက်မှ ချောင်းဆိုးတာလည်းမရှိဘူး။ နှာစေးတာလည်းမရှိဘူး။ အကုန်အကောင်းပဲ။

သူရဲ့ ရွာကိုပိတ်တာတွေ ဘာတွေကတော့ သူ့ရဲ့စစ်ဆေးချက်အဖြေရလဒ်ထွက်လာတဲ့အပေါ်မှာပဲ ကြည့်ပြီးတော့ ဆက်လုပ်ရမှာပေါ့။

ဓာတ်ပုံ- တံတားဦးမြို့နယ်မှ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်

www.khitthitnews.com

Post a Comment

Previous Post Next Post