မန္တလေးတိုင်း အမရပူရမြို့မှ ဆုတောင်းပြည့်လွန်းလို့ အစောင့်အရှောက်နဲ့ထားရတဲ့ ဆုတောင်းပြည့်ကိုယ်တော်မြတ်ကြီးရှိတဲ့ ရွှေကြက်ယက်၊ရွှေကြက်ကျဘုရား များ နဲ့ လွမ်းမောဘွယ် … မြင်းတော်ခံငပြည့် ၊ အောင်စွာငယ် တို့ရဲ့ လွမ်းစေတီတွေ (ဒုတိယပိုင်း)


အချိန်ကာလဆိုတာ .. နောင်တ တရားများစွာကို မွေးဖွားပေးတတ် သလို သံဝေဂတရားတွေကိုလည်း ပေးစွမ်းနိုင်တယ်လို့ ဆိုစကား ရှိခဲ့ပါတယ် ။ နောင်တဆိုတာမျိုးက လည်း လွန်မှပဲ ရကြတာမျိုးလေ ။ နရပတိစည်သူဟာ ဘယ်လိုမှ ပြုပြင်လို့ မရနိုင်တဲ့ အမှားတွေကို မင်း ပျိုမင်းလွင်ဘဝ၊အိမ်ရှေ့စံဘဝမှာပဲ ကျူးလွန်ခဲ့မိပါတယ် ။ သစ္စာရှိတဲ့ ကျွန်ယုံတော် ငပြည့်ကို ဒေါသမထိမ်းနိုင်ပဲ မိန်းမတစ်ယောက်အတွက်နဲ့ အမျက်မာန်စောင်ကြီးစွာ ကွပ်မျက်ခဲ့တယ်။ဒါတင်မကပဲ မိမိအထွတ်အထိပ်ရောက်ဖို့အတွက် အကိုတော် မင်းယဉ်နရသိင်္ခကို လုပ်ကြံပေးခဲ့တဲ့ အောင်စွာငယ်ကိုလည်း နန်းရင်ပြင်ညီလာခံမှာ မထေမဲ့မြင်ပြုသည်ဆိုပြီး ကွပ်မျက်ခဲ့ပြန်ပါတယ် ။

ငယ်ကျွန် အောင်စွာငယ်ကို ကွပ်မျက်ခဲ့တာကလည်း မိန်းမတစ် ယောက်အတွက်ပါပဲ ။ ဖြစ်စဉ်လေးကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် …အိမ်ရှေ့မင်း နရပတိစည်သူဟာ သူ့ရဲ့ မိဖုရားဝေဠုဝတီကို အကိုတော်ဘုရင် မင်းယဉ်နရသိင်္ခက သိမ်းပိုက်လိုက်တဲ့အတွက် နာကျည်းစွာနဲ့ ကျွန်ယုံ လက်ရုံးတပည့် အောင်စွာငယ်ကို လုပ်ကြံခိုင်းတယ်။ အရေးတော်ပုံ အောင်ခဲ့ရင် ဘုရင့်မိဖုရားသုံးပါး( မရီး ၃ ယောက်) ထဲက မင်း နှစ်သက်တဲ့တစ်ပါးနဲ့ ငါကိုယ်တိုင်လက်ဆက်ပေးပြီး သူကောင်းပြုမယ်လို့လည်း ကတိပေးခဲ့တယ် ။ တကယ်အရေးတော်ပုံ အောင်မြင်တဲ့အခါမှာတော့ နရပတိစည်သူ ဟာမရီးတော်တွေရဲ့ ချေသလုံးဖက် ငိုယိုတောင်းပန်မှုကြောင့် သနားငဲ့ ညှာပြီး အောင်စွာငယ်ကိုပေးထားတဲ့ ကတိဖျက်လိုက်ပါတော့တယ်… ။ ဟဲ့ အောင်စွာငယ် … ငါမင်းကို ခိုင်းစေခဲ့စဉ်က ကတိပေးခဲ့ပေမယ့်အခုတော့ ငါ့မှာ အခက်တွေ့နေရတယ်၊ နင့်ကို ငါ့ရဲ့ မရီးတော်တစ်ပါးပါးနဲ့ လက်ဆက်ပေးချင်ပေမယ့် အဲဒီလို လုပ်လိုက်ရင် ငါ့ရဲ့ ဘိုးဘေး တွေကို ပစ်မှားသလို ဖြစ်မှာစိုးတဲ့အ တွက် နင့်ကို တစ်ခြားအမျိုးကောင်း သမီးတစ်ဦးနဲ့ လက်ဆက်ပေးပြီး သူကောင်းပြုပေးပါ့မယ် လို ဘုရင် ကိုယ်တိုင် ချော့မော့ပြောဆိုခဲ့ပေမယ့် … အောင်စွာငယ်ကတော့ မကြေနပ်ခဲ့ပါဘူး ။


ကတိမတည်တဲ့ ဘုရင်ပဲ . ထွီ ဆိုပြီးတံတွေးထွေးလို့ ထွက်သွားခဲ့တာကြောင့် နရပတိ စည်သူဟာ ဒေါသဖြစ်ပြီး ညီလာခံ မှာ မထေမဲ့မြင်ပြုတဲ့အတွက် မင်းမျက်သင့်လို့ ကွပ်မျက်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငပြည့်နဲ့ အောင်စွာငယ်ကို ကွပ်မျက်ခြင်းဟာ ကျေးဇူးမဲ့လွန်းရာ ရောက်ခဲ့တာမို့ နရပတိစည်သူဟာ စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ခဲ့ရပါတယ် ။ တပည့်တွေ အတွက် ကုသိုလ် ကောင်းမှု ပြုပေးဖို့ သူဘုရင်ဖြစ်ချိန် မှာ စဉ်းစားဆောင်ရွက်ပေးခဲ့ပါတယ်…။ အရေးတော်ပုံကာလက သူအဓိဌာန် ပြုခဲ့တဲ့ ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားဆီကို ရေတပ် အင်အား အပြည့်အဝနဲ့ ပြန်လာခဲ့ ပါတယ်။ က္ကရာဇ် ၅၄၇ခုနှစ် ဖြစ်ပါတယ်။ တောင်းပြည့်ကိုယ်တော်မြတ်ထံ သူဆုတောင်းခဲ့တာက သက္ကရာဇ် ၅၃၆ ခုနှစ်ဖြစ်တာကြောင့်ဘုရင်ဖြစ်ပြီး ၁၁ နှစ်ကြာမှပြန်လည်ရောက်ရှိ ခဲ့တာ ဖြစ်ပါတယ် ။ထီးတော်တင်ဖို့နဲ့ တပည့်တွေအတွက် ဘုရားတည်ပေးဖို့ ပြန်လာခဲ့တာပါ ။ ( ရွှေကြက်ယက်၊ရွှေကြက်ကျ ဘုရားတွေဟာ သီရိဓမ္မာသောက မင်းကြီး တည်ထားခဲ့တဲ့ ဗျာဒိတ်ရ ဘုရားတွေ ဖြစ်ပါတယ်။


မြတ်စွာ ဘုရားရှင် ကြက်မင်းဘဝက မိဖုရား ယသော်ဓယာအလောင်း နဲ့အတူ နေထိုင်ကျက်စားခဲ့တဲ့ တောင်တော် နှစ်ဆူပေါ်မှာ တည်ထားခဲ့တာပါ ။ မန္ဓာဂီရိတောင်တော်ပေါ်မှာ ရွှေကြက်ယက်ဘုရားတည်ခဲ့ပြီး ၊နင်္ဂါးရစ်တောင်တော်ပေါ်မှာ ရွှေကြက်ကျဘုရားတည်ခဲ့တာ ဖြစ်ပါတယ်။ဘုရားရှင်ရဲ့ သရီယဓါတ်တော်တွေကို ဌာပနာပြီး တည်ခဲ့တာမို့ ခုချိန်ထိ တန်ခိုးကြီးလှတဲ့ ဘုရားညီနောင်အဖြစ်တည်ရှိနေခဲ့ပါတယ် … ။အမရပူရ မှာ တည်ရှိပြီး ဧရာမြစ်ကမ်းဘေးမှာ တည်ရှိပါတယ်။) ( ဆုတောင်းပြည့်လွန်းတဲ့ ဆင်းတု တော်မြတ်ဟာ ရွှေကြက်ယက် ဘုရားအတွင်းမှာ တည်ရှိပါတယ် ။ အိမ်ရှေ့မင်းဘဝက အဓိဌာန်ပြု ဆု တောင်းခဲ့တယ်ဆိုတာကလည်း အရိ မဒ္ဒနာပူရ ပုဂံနေပြည်တော်မှာ မင်းဧကရာဇ်ဖြစ်မည်ဆိုပါက ဤပုဝါစကို ဘုရားရှင်မှ ကိုယ်တော်လျ၍ ခံယူတော်မူပါစေသတည်းလို့ ဆုတောင်းခဲ့တာ ဖြစ်ပါတယ်။ အကိုမင်းယဉ်နရသိင်္ခကို သတ်ဖို့ဆုတောင်းတာမဟုတ်ပါဘူး ။ ပထမအပိုင်းမှာ စာရေးတာ လိုအပ်ချက်ရှိသွားတဲ့အတွက် လူသတ်ဖို့ ဘုရားက ခွင့်ပြုသလို ဖြစ်သွားခဲ့ပါတယ်။ )တပည့်တွေအပေါ် တင်ရှိခဲ့တဲ့နောင်တ တရားတွေနဲ့အတူ ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားနှစ်ဆူကို ပြုပြင်ပြီး ထီးတော်အသစ်တင်လှူဖို့လာခဲ့တဲ့ နရပတိစည်သူရဲ့ဖောင်တော်ဟာ ရွှေကြက်ကျဘုရားရောက်ခါနီးမှာပဲ အတိတ်ဘဝက ရန်ငြိုးရှိခဲ့တဲ့မိချောင်းကြီး ရဲ့ တိုက်ခိုက်မှုခံရပါတော့တယ်။



နတ်မိချောင်းကြီးဟာ နရပတိစည်သူရဲ့ ဖောင်တော်ကို အောက်ကနေ ထမ်းထားတဲ့အတွက် ဖောင်တော်ရပ်သွားပြီး တစ်ဖက်စောင်းသွားခဲ့ပါတယ် ။ ဖောင်တော်တိမ်းမှောက်တော့မယ့် အခြေအနေမှာ ဖောင်တော်ပေါ်မှာ ပါလာတဲ့ မွန်သူရဲကောင်း ရမန်ငထွေးဟာ ဘုရင့်သံလျက်တော်ကို တောင်းလို့ ရေအောက်မှာ မိချောင်းကြီးနဲ့ သတ်ပုတ်လို့ အနိုင်ယူခဲ့ပါတယ်။ မင်းကြီးလည်း မွန်သူရဲကောင်း ရမန်ငထွေးကို အားရကြေနပ်တော်မူလို့ ဆုတော်များစွာပေးတဲ့ အပြင် အနန္တသူရိယဘွဲ့ ချီးမြှင့်ခဲ့တယ်လို့ မှတ်သားခဲ့ရဖူးပါတယ်။ ငယ်ငယ်တုန်းက စစ်ကိုင်းတံတားကြီးပေါ်က ဖြတ်ပြီး ရွှေကြက်ကျဘုရားကို အဝေးကဖူးမျှော်ကြည်ညိုမိတိုင်း ရမန်ငထွေးကို အားကျစိတ်နဲ့ သတိယမိပါတယ် ။ နရပတိစည်သူဟာ ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားနှစ်ဆူကိုပြုပြင်ပြီး ထီးတော်အသစ်တင်လှူခဲ့ပါတယ် ။ ရွှေကြက်ယက်ဘုရားရဲ့အောက်အဆင့်ရင်ပြင်တော်ပေါ်မှာတဝဂူ ကြာခံဘုရားတစ်ဆူ တည်ထားခဲ့သလို မြင်းတော်ခံငပြည့်အတွက် ဘုရားတစ်ဆူ ၊ အောင်စွာငယ်အတွက်ဘုရားတစ်ဆူ တည်ပြီး ကုသိုလ်ပြုလို့ အမျှပေးဝေခဲ့ပါတယ် …။ ( ဘုရားပုံတစ်ခုချင်းစီမှာ စာရေးပေးထားပါတယ်)ရွှေကြက်ယက်ဘုရားခြေရင်းမှာ မြင်းတော်ခံငပြည့်အတွက် နတ်နန်းတစ်ခုကိုလည်း တည်ဆောက်ပေးခဲ့ပါတယ် ။ (လက်ရှိမှာလည်း နတ်နန်းဟာ မူလအတိုင်းတည်ရှိနေပါသေးတယ်။ )

ဘုရားတွေ ထီးတင်ပွဲမှာ နရပတိစည်သူဟာ သူ့ငယ်ကျွန်အရင်းတွေကို သတိယ တမ်းတလွန်းလို့ မအိပ်မစား ဖြစ်ခဲ့တယ်ဆိုတာရယ် …ဒီအချိန်မှာ သူ့ငယ်ကျွန်တွေရှိရင်အရမ်းဂုဏ်ယူ ဝမ်းမြောက်ကြပေ လိမ့်မယ်လို့ တဖွဖွ ပြောဆိုခဲ့တယ်လို့ ဖတ်မှတ်ခဲ့ရပါတယ်။ တခါတရံမှာ သတိထားရမှာက ဆရာ တပည့်သိပ်ရင်းနှီးတဲ့အခါ တပည့်ဆိုတာဆရာအရင်းကို စိတ်ကောက်တာနွဲ့ဆိုး ဆိုးတာတွေ ဖြစ်တတ်ပါတယ်။ ဒါကို နားလည်မှု မပေးရင် ဆရာကို မခန့်လေးစားလုပ်တယ်လို့ နားလည်မှုတွေ လွဲမှားတတ်ကြပါတယ်။ ဘဝနဲ့ရင်းရတဲ့ ဆင်ခြင်စရာတွေကိုသမိုင်းတွေက လက်ဆင့်ကမ်း ပေးထားခဲ့ပါပြီ … ။ မြင်းတော်ခံငပြည့်ကို ကွပ်မျက်ခဲ့စဉ်တုန်းအခါကလည်း … စိတ်မကောင်းစရာ အဖြစ်အပျက်ကလေးတစ်ခု ဖြစ်ခဲ့ပါတယ်… ။ နရပတိစည်သူရဲ့ ဖောင်တော်ဟာဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ဆင်းလာရင်း စစ်ကိုင်းရွာသစ်ကြီးနဲ့ ငါန်းဇွန်အနား ရောက်တဲ့အခါ ဖောင်တော် ရပ်သွားခဲ့ပါတယ် ။ မြင်းတော်ခံငပြည့်ရဲ့အလောင်းဟာဖောင်တော်နဲ့ ကပ်ပါလာတာကိုထူးဆန်းစွာ တွေရှိလိုက်ရတယ်လို့ ဖတ်ခဲ့ရဖူးပါတယ် … ။ နရပတိစည်သူဟာ စိတ်မကောင်း ကြီးစွာ ဖြစ်ခဲ့ရပြီး ‘ မင်းတာဝန်ကြေပါတယ် ၊နေရစ်ပါတော့ ငပြည့်ရယ်’လို့ ပြောဆိုလို့အနီးက သဲသောင်ပြင်မှာ ဖောင်တော်ကပ်လို့ ကောင်းစွာ မီးသဂြိုလ်ပေးခဲ့ပါတယ်။

သူ့တပည့်ကို ချီးမြှောက်တဲ့ အနေနဲ့သဲသောင်ပြင်ကို အပိုင်စား ပေးခဲ့ပါတယ်။ ရွှေပြည့်ရှင် ကျွန်းပိုင်နတ်ဖြစ်သွားခဲ့တယ်လို့ ဖတ်ခဲ့ရပြီးဒေသခံများ ကိုးကွယ်လျက်ရှိကြောင်း သိရှိရပါတယ် ။ သမိုင်းဆိုတာ သေဆုံးပျောက်ကွယ်သွားတဲ့ လူတွေ… မြို့ရွာတွေအကြောင်း သင်ကြားလေ့လာရတဲ့ဘာသာရပ်ဖြစ်သလို လူတွေ ဒေသတွေ တိမ်ကောပပျောက်သွားကြပေမယ့် မပပျောက်တဲ့ အကျိုးဆက်တွေကြောင့် ယခုလူ့ဘောင်လောကကြီးဆက်လက် ရှင်သန်နေခဲ့ရတာ ဖြစ်ပါတယ်လို့ သမိုင်းဆရာမကြီးရဲ့စကားလေးကို သဘောကျမိပါတယ် ။

အတိတ်မရှိခဲ့ရင် ပစ္စုပ္ပန်ဆိုတာမရှိနိုင်သလို ပစ္စုပ္ပန်မရှိရင် အနာဂတ်လည်း ရှိမှာမဟုတ်ပါဘူး။ အတိတ်ကို သင်္ခန်းစာယူနိုင်ပြီး အနာဂတ် လှပအောင်ဖန်တည်းဖော်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါရစေ ။ စာဖတ်သူများ အားလုံး ဒေါသ မာန်မာနကြောင့် ရတဲ့ နောင်တ တရားတွေ ကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ။
Credit
Writer ; Kwee (Jeeptoolay)
Source ; Anawyahtar King

Post a Comment

Previous Post Next Post