တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် COVID – 19 ရောဂါကူးစက်ပြန့်ပွားမှုကြောင့် တရုတ် ပြည်သူပြည်သားများ၏ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေမှုအပေါ် စာနာထောက်ထားသည့်အနေဖြင့် မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့သို့ ဧည့်မထ ဆန်တန်ချိန် ၂၀၀ ပေးပို့ လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် စက်မှုဇုန်(၄)ရှိ သိုလှောင်ရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးက တရုတ်နိုင်ငံသို့ ဆန်ကူညီလှူဒါန်းရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက လှူဒါန်းဆန်အိတ်များနှင့် စာရွက်စာတမ်းများကို ပေးအပ်ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယနေ့လှူဒါန်းမှုသည် ဧည့်မထ ဆန်အိတ်ပေါင်း ၄၀၀၀ (တန်ချိန် ၂၀၀) ဖြစ်ပြီး ငွေကျပ် သိန်း ၈၆၀ တန်ဖိုးရှိသည်။ အဆိုပါဆန်အိတ်များကို ၁၂၀ ဂရမ် P.P အိတ်သစ်များဖြင့် ထုပ်ပိုးထားကာ ပိုးသတ်မှိုင်းတိုက်ခြင်း၊ Aflatoxin မှိုဆိပ်စစ်ဆေးခြင်းနှင့် ဓာတုဓာတ်ကြွင်း စစ်ဆေးခြင်းများ ဆောင်ရွက်ထားသည့် စစ်ဆေးချက် လက်မှတ်များကို ပူးတွဲပေးအပ်ခဲ့ကြောင်း သိရသည်။

လှူဒါန်းသည့် ဆန်အိတ်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ၍ နောက်တွဲ ကုန်တင်ယာဉ် ခြောက်စီးဖြင့်တင်ဆောင်ကာ တရုတ် – မြန်မာ နယ်စပ် ကျယ်ဂေါင်မြို့အထိ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစတင်၍ COVID – 19 (ကိုရိုနာ ဗိုင်းရပ်စ်) ကူးစက်ရောဂါစတင်ဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်ပွားမှု ထိန်းချုပ် နိုင်ရေးအတွက် တရုတ် ပြည်သူ့သမ္မတ နိုင်ငံအတွင်းရှိ ရောဂါစတင်ဖြစ်ပွားရာ ဟူပေပြည်နယ် ဝူဟန်ဒေသတွင် လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်မှုများပြုလုပ်ခြင်း၊ ဒေသတွင်းနိုင်ငံများနှင့် သွားလာဆက်ဆံရာတွင် ထိန်းချုပ်မှုများ ပြုလုပ်ခဲ့သည့်အတွက် ဝူဟန်မြို့ရှိ ပြည်သူများ၏ စားနပ်ရိက္ခာလိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်း လှူဒါန်းဖြည့်ဆည်းပေးရန် ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

Post a Comment

Previous Post Next Post