“နယူးယောက်က လက်ခုပ်သံများ”

နောင် ၁၀ နှစ်ကြာရင်…

မင်းရဲ့ ကလေးတွေ၊ မင်းရဲ့ မြေးတွေနဲ့ မင်းတို့ ဒီနေ့အကြောင်းကို ပြောဖြစ်လိမ့်မယ်..။ မင်း မျက်ရည်ကျလိမ့်မယ်.. အင်းလေ..မျက်ရည်ကျသင့်ပါတယ်..။ ဝမ်းနည်းဖို့ ကောင်းတာမို့….။

ဗိုင်းရပ်စ်တွေအောက်မှာ အရေးနိမ့်ဆုံးရှုံးပြီး လောကကြီးက ထွက်ခွါသွားခဲ့ရတဲ့ ဘဝတွေကို သတိရမယ်..။ မင်း သူတို့ရဲ့မျက်နှာတွေကို မျက်စိထဲမြင်လာလိမ့်မယ်..။သူတို့နာမည်တွေကို မင်းမှတ်မိနေမယ်..။

နောင် ၁၀ နှစ်ကြာရင်လည်း… မင်း မျက်ရည်ကျလိမ့်မယ်…။

မတ်လ ၂၇ ရက်နေ့ သောကြာနေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့တော် အစိုးရအုပ်ချုပ်ရေးမှူး Andrew Cuomo ကပြောတဲ့စကားတွေ ဖြစ်ပါတယ်..။




အဲဒီနေ့ရဲ့ ည ၇ နာရီ…

နယူးယောက်မှာ လက်ခုပ်ဩဘာပေးသံတွေ ဟိန်းသွားတယ်..။ ၂ မိနစ်ကြာတော့ ရပ်သွားကြတယ်..။

နယူးယောက်ကို ကယ်တင်ဖို့ကြိုးစားနေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ အစားအသောက်တွေရောင်းပေးတဲ့ ကုန်စုံဆိုင်က အလုပ်သမားတွေ၊ ထရပ်ကားမောင်းသူတွေ၊ စားသောက်ဆိုင်က အလုပ်သမားတွေ… သူရဲကောင်းတွေ အားလုံးကို နယူးယောက်က ကျေးဇူးတင်လို့ပါ..။

သူတို့ “ClapBecauseWeCare” ဆိုတဲ့ hashtag နဲ့ ည ၇ နာရီမှာ အတူတူ လက်ခုပ်တီးကြဖို့ လူမှုကွန်ရက်တွေကနေ ညှိထားခဲ့ကြတယ်..။ နယူးယောက်ရဲ့ ညဟာ လက်ခုပ်သံတွေနဲ့ ဆူညံခဲ့တယ်..။

ဒီရာစုနှစ်ရဲ့ အကြီးမားဆုံး လူသားချင်းစာနာစိတ်တွေနဲ့ COVID-19 တိုက်ပွဲဝင်နေတာ ကျမ်းမာရေးဝန်ထမ်းတွေဖြစ်ပါတယ်..။



နယူးယောက်မှာ မျှော်လင့်ချက်တွေရှိတယ်..။ လှပတဲ့ အနာဂတ်တွေရှိတယ်..။ နယူးယောက်ဟာ ကျန်းမာခဲ့ပါတယ်…။

အခုတော့ သက်ကြီးရွယ်အိုနဲ့ လူကြီးပိုင်းတွေ ဗိုင်းရပ်စ်ကပေးတဲ့ဒုက္ခကို အဆိုးဆုံးခံနေရတာက ကြေကွဲဖွယ်အတိ…။

ဗိုင်းရပ်စ်တွေရဲ့အောက်မှာ နယူးယောက်ဟာ နေ့ချင်းညချင်းဆိုသလို ကံဆိုးမိုးမှောင်ကျခဲ့ပြီ…။

နယူးယောက်မြို့တော် အစိုးရအုပ်ချုပ်ရေးမှူး Andrew Cuomo က..

” ဗိုင်းရပ်စ် ကူးစက်မှုဟာ တစ်ရက်ပြီးတစ်ရက် နှစ်ဆတိုးနေတုန်းပဲ.. အခုချိန်ထိ ဆိုးနေတယ်။ အဆိုးတွေရဲ့ ထိပ်ဆုံးကို ဆက်ပြီး ဦးတည်နေတယ်..” တဲ့..။

နယူးယောက်သားတို့ အဆိုးဆုံးကို စဉ်းစားပြီး အားတင်းကြတယ်..။ ဗိုင်းရပ်စ်တွေဟာ နယူးယောက်ကနေ အမေရိကန်တစ်ခုလုံးကို ပျံ့နှံ့သွားမှာ စိုးရိမ်နေရပြီမဟုတ်လား..။

နယူးယောက်မှာတင် လူတွေ အယောက် ၄၄၀၀၀ ကျော် ဗိုင်းရပ်စ် အကူးစက်ခံရပြီး သေဆုံးသူ ၆၀၀ ဝန်းကျင်ဖြစ်နေပြီလေ..။ လူသေ အလောင်းတွေအတွက် ယာယီရင်ခွဲရုံ (makeshift morgue) တွေက ဟိုနေရာ၊ ဒီနေရာ..။


” စကားမပြောနိုင်ဘူး ညီမလေး..။ ငါ အသက်ရှူလို့မရဘူး..။ ချစ်တယ်နော်.. ညီမ..။ ပြန်အိပ်တော့လေ..။”

Kious Jordan Kelly က သူ့ညီမကိုရေးတဲ့ နောက်ဆုံး မက်ဆေ့ချ်ပါပဲ..။ သူသေသွားတယ်..။ မတ်လ ၂၄ ရက် ကပေါ့..။

Kious Jordan Kelly က Mount Sinai West ဆေးရုံက သူနာပြုလေ..။

သူတို့ဟာဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ဝတ်စုံ (PPE) တွေမရှိတာကြောင့် အမှိုက်အိတ် အနက်ရောင်တွေဖြတ်စွပ်ပြီး ဝတ်ခဲ့ရတယ်..။ သူ့ ခန္ဓာကိုယ်ထဲ ဗိုင်းရပ်စ်တွေ အလုံးအရင်းဝင်ခဲ့တာပေါ့..။


“ကျွန်မ အစ်ကိုဟာ သူရဲကောင်းပါ။” ညီမလေး Marya Sherron ကပြောတယ်..။

ချမ်းသာတဲ့ နယူးယောက်လိုနေရာမျိုးမှာတောင် ကျန်းမာရေးလုပ်သားတွေအတွက် မျက်နှာဖုံးတွေ ၊ PPE ဝတ်ရုံတွေနဲ့ လက်အိတ်တွေ အလွန်အမင်းလိုအပ်နေခဲ့..။ အခြေအနေတွေဟာ ခက်ခဲတယ်…။

အခုလောလောဆယ်တော့ နာကျင်မှုတွေနဲ့ မငြိမ်မသက်ဖြစ်နေပေမဲ့ သူတို့ ကြောက်စိတ်တွေကို လျှော့ချကြတယ်..။

ချစ်တဲ့သူတွေ သေသွားတဲ့ အတွက် အလွန်အမင်း ဝမ်းနည်းရပေမဲ့ ကျန်တဲ့သူတွေ ဆက်အသက်ရှင်သန်ဖို့ လိုသေးတယ်မဟုတ်လား…။


နောင် ၁၀ နှစ်ကြာရင်လည်း… မင်း မျက်ရည်ကျလိမ့်မယ်…။

ဒါပေမဲ့ မင်းကိုယ်မင်းလည်း ဂုဏ်ယူမိမှာပါ…။ မင်းလုပ်ခဲ့တာတွေအတွက် မင်းတို့ အမြဲ ဂုဏ်ယူနေမှာပါ။

မရွှေမိုး (ကိုရီးယား)
March 28th,2020

Post a Comment

Previous Post Next Post