Unicode

အိန္ဒိယနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် နွားကျင်ငယ်ရည်သောက်ကြတဲ့ ပါတီပွဲတစ်ခုကို ဟိန္ဒူအုပ်စုတစ်ခုက စီစဉ်ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုအုပ်စုက နွားကျင်ငယ်ရည်ဟာ ဗိုင်းရပ်စ်ကူးစက်မခံရစေရန် ခုခံကာကွယ်နိုင်ကြောင်း ယုံကြည်ကြတယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ ဟိန္ဒူအများအပြားက နွားဟာ အထွတ်အမြတ်ထားအပ်ပြီး နွားကျင်ငယ်ရည်မှာ ဆေးဘက်ဝင် အာနိသင်တွေရှိကြောင်း ယုံကြည်ကြပါတယ်။
ကျွမ်းကျင်သူတွေကတော့ နွားကျင်ငယ်ရည်ဟာ ကင်ဆာကဲ့သို့ ရောဂါတွေကို မပျောက်ကင်းစေကြောင်းနဲ့ COVID-19 ဗိုင်းရပ်စ်ကာကွယ်နိုင်တဲ့ အထောက်အထားလည်းမရှိကြောင်း ထပ်တလဲလဲ အခိုင်အမာ ပြောထားပါတယ်။ နယူးဒေလီအခြေစိုက် Akhil Bharat Hindu Mahasabha (All India Hindu Union) အမည်ရှိ အုပ်စုတစ်ခုက စနေနေ့ (မတ်လ ၁၄ ရက်) မှာ နွားကျင်ငယ်ရည်သောက်ပါတီပွဲကို စီစဉ်ပြုလုပ်ခဲ့ပြီး လူ ၂၀၀ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


ထိုအုပ်စုက အလားတူ ပါတီတွေကို အိန္ဒိယရှိ အခြားနေရာတွေမှာလည်း ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ နွားကျင်ငယ်ရည်သောက်လာကြတာ ၂၁ နှစ်ရှိပြီ၊ နွားချေးနဲ့လည်း ရေချိုးပါတယ်၊ အင်္ဂလိပ်ဆေးတွေ သောက်ဖို့လိုတယ်လို့ ကျွန်တော်တို့ ဘယ်တုန်းကမှ မထင်ခဲ့ကြဘူး” လို့ ပါတီကိုတက်ရောက်လာသူ Om Prakash အမည်ရှိ ပုဂ္ဂိုလ်က ပြောပါတယ်။

All India Hindu Union အုပ်စုရဲ့ အကြီးအကဲက နွားကျင်ငယ်ရည် တစ်ဇွန်းအပြည့်နဲ့အတူ ဗိုင်းရပ်စ်ရုပ်ပြောင်ကာတွန်းပုံအနီး ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို အွန်လိုင်းမှာတင်ခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယမှာ ဝန်ကြီးချုပ်မိုဒီရဲ့ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီမှ ခေါင်းဆောင်တွေကလည်း နွားကျင်ငယ်ရည်ကို ဆေးဝါးအဖြစ် အသုံးပြုခြင်းနဲ့ ကင်ဆာရောဂါအတွက် ကုသဆေးအဖြစ် ထောက်ခံပြောဆိုထားကြပါတယ်။


အိန္ဒိယအရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ်မှ ခေါင်းဆောင်တစ်ဦးကတော့ ယခုလ အစောပိုင်းမှာ ကျင်းပြုလုပ်ခဲ့တဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးတစ်ခုအတွင်း နွားကျင်ငယ်ရည်နဲ့ နွားချေးဟာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရမှုကို ကုသရန် အသုံးပြုနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဗိုင်းရပ်စ်ဟာ လက်ရှိမှာ ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့နေပြီး အိန္ဒိယနိုင်ငံမှာလည်း မတ်လ ၁၅ ရက် ညပိုင်းအထိ ကူးစက်ခံရသူ ၁၀၇ ဦးနဲ့ သေဆုံးသူ ၂ ဦးရှိခဲ့ပါတယ်။

Credit Duwun

Post a Comment

Previous Post Next Post