COVID-19 ဖြစ်ပွားသူရှိနေတယ်ဆိုတဲ့ ကောလာဟလကြောင့် ထိုင်း အကျဉ်းထောင်တစ်ခုမှာ အဓိကရူဏ်းဖြစ်ခဲ့ပြီး အကျဉ်းသားများစွာ ထွက်ပြေး လွတ်မြောက်


ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဘူရီယမ်ပြည်နယ်က အကျဉ်းထောင်တစ်ခုမှာ တနင်္ဂနွေနေ့က COVID-19 ဖြစ်ပွားသူရှိနေတယ်ဆိုတဲ့ ကောလာဟလတွေကြောင့် အကျဉ်းသားတွေဟာ ပရိဘောဂ ပစ္စည်းတွေ ရိုက်ချိုး၊ ပြတင်းပေါက်တွေကို ရိုက်ခွဲခဲ့ကြပြီး ထောင်တွင်းအဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်း တရားရေးဝန်ကြီး ဆွမ်ဆက် သက်ဆူတင်က ပြောဆိုပါတယ်။


အဓိကရုဏ်းဖြစ်စဉ်ကြောင့် အကျဉ်းသားများစွာ လွတ်မြောက်သွားကြောင်း ၎င်းက ပြောဆိုခဲ့ပြီး ၇ ဦးကိုတော့ ပြန်မိထားတယ်လို့ဆိုပါတယ်။ ထောင်ဝါဒါတွေဟာ ကူးစက်ရောဂါတွေနဲ့ ဆက်နွယ်တဲ့ ရောဂါရှိ အကျဉ်းသားတွေ ထားဖို့အတွက် သီးခြားအချုပ်ခန်းတွေ ပြင်ဆင်ရင်း အလုပ်များနေစဉ် နံနက် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ စားသောက်ခန်းမကနေ ဆန့်ကျင်ကန့်ကွက်မှုတွေစဖြစ်ခဲ့တာဖြစ်ကြောင်း ကနဦးသတင်းအစီရင်ခံမှုတွေကို ကိုးကားပြီး မစ္စတာ ဆွမ်ဆက်က ပြောဆိုပါတယ်။
တစ်သက်တစ်ကျွန်းကျ တရားခံအချို့အပါအဝင် အကျဉ်းသား ၁၀၀ လောက်ဟာ စားသောက်ခန်းကို မီးရှို့ခဲ့ကြပြီး ထောင်ဝင်စာတွေ့ခန်းကိုလည်း ဖျက်ဆီးပစ်ခဲ့ကြပါတယ်။ ထောင်ကနေ မီးခိုးမည်းတွေ ထွက်ပေါ်နေတာကို မြင်တွေ့ကြရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အကျဉ်းသားတစ်ဦးမှ မရှိကြောင်းနဲ့ သူတို့ရဲ့ လုပ်ရပ်ကို ထောက်ခံလိုက်ပါလာစေဖို့အတွက် ကောလာဟလစဖြန့်ခဲ့ကြခြင်းသာဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောဆိုခဲ့ပါတယ်။

COVID-19 ရောဂါဖြစ်ပွားတယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့ခဲ့ပြီးနောက် အကျဉ်းသားတွေကို ဖျောင်းဖြပြောဆိုဖို့ စိတ်ကျန်းမာရေးဝန်ထမ်းတွေကို စေလွှတ်ပေးထားတယ်လို့ ဗိုလ်မှူးချုပ်တစ်ဦးက ပြောဆိုပြီး အခုခါတော့ အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။



ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ထပ်တိုးကူးစက်သူ ၁၄၃ ဦးရှိခဲ့ပြီး တနင်္ဂနွေနေ့အထိ စုစုပေါင်း ပိုးတွေ့လူနာ ၁၃၈၈ ဦးရှိလာတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့် လူနာတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ တာဝီဆင်း ဝီဆာနူယိုသင်က ပြောဆိုပါတယ်။ ယင်းအတွက်ကြောင့် ထိုင်းမှာ သေဆုံးသူ စုစုပေါင်း ၇ ဦး ရှိသွားခဲ့ပြီဖြစ်ပါတယ်။


အကုန်သိ

Post a Comment

Previous Post Next Post