COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် အစိုးရအဖွဲ့များက lockdown ဟု ခေါ်သည့် နည်းလမ်းတစ်ရပ်ကို ကျင့်သုံးလာကြသည်။ နောက်ဆုံးအဖြစ် နယူးဇီလန်နိုင်ငံသည် မတ် ၂၅ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၅၉ မိနစ်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် lockdown ပြုလုပ်တော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။


မဖြစ်မနေမဟုတ်သော လုပ်ငန်းများအားလုံးကို ပိတ်ပစ်ရမည်ဖြစ်ပြီး လူတိုင်းသည် တစ်ဦးတည်း လေ့ကျင့်ခန်းလုပ်ခြင်းနှင့် မရှိမဖြစ်ဝန်ဆောင်မှုများထံသို့ သွားခြင်းတို့မှလွဲ၍ နေအိမ်ထဲ၌သာ နေကြရမည်ဖြစ်သည်။

Lockdown ချထားစဉ်အတွင်း စူပါမားကက်များကို ဆက်လက်ဖွင့်ထားမည်ဖြစ်ပြီး ထောက်ပံ့ရေးလမ်းကြောင်းကို ဆက်လက်ထားရှိမည် ဖြစ်သည်။

Lockdown တာဝန်အဖွဲ့များအနေဖြင့် အနေအထားအရ ၊ အနေအထားဖြစ်ပေါ်ပြောင်းလဲမှုအရ အကြံဉာဏ်များကို Update လုပ်ကာ ပေးသွားမည်ဖြစ်သည်။

■ Lockdown မတိုင်မီ မည်သည့်အရာများကို ဆောင်ရွက်ရမည်နည်း

ဦးစွာ ကြောက်ရွံ့ထိတ်လန့်ခြင်း မဖြစ်ရန်လိုသည်။ နိုင်ငံသားများအနေဖြင့် စူပါမားကက်များသို့ သွားနိုင်ဆဲဖြစ်ပြီး ယင်းတို့၌ အစားအစာများ အမြဲရှိနေမည်ဖြစ်သည်။ ထောက်ပံ့ရေးလမ်းကြောင်း ဆက်လက် လည်ပတ်နေရန်အတွက် အစိုးရက တာဝန်ယူ တာဝန်ခံထားသည်။

သို့သော် နိုင်ငံသားများအနေဖြင့် မိမိဘာသာ အစီအစဉ်များ စတင်ချမှတ်ကာ ပြင်ဆင်ထားသင့်သည်။

ယင်းတို့၌ မိမိ မိသားစုများ၊ ဆွေးမျိုးများတို့နှင့် တိုင်ပင်ကာ အစီအစဉ်များ ရေးဆွဲခြင်း၊ မိမိတို့၏ လူ့အသိုင်းအဝိုင်းအတွင်း ဆက်သွယ်ရန် အသေးစိတ်အချက်များ ရေးဆွဲထားခြင်းနှင့် lockdown ကာလတစ်လျှောက် မိမိအနေဖြင့် မည်သို့မည်ပုံ ဆောင်ရွက်မည်နည်းဟူသည်ကို တွေးတောခြင်းတို့ ပါဝင်သည်။

မိမိအနေဖြင့် အလုပ်ကို အိမ်မှနေ၍ လုပ်ဆောင်၍ ဖြစ်နိုင်သလားဟူသည်ကို သိရှိထားသင့်သည်။

မိမိအနေဖြင့် နေအိမ်မှ အဝေးသို့ ရောက်ရှိနေပါက ချက်ချင်းနေရပ်ပြန်ရန် စီစဉ်ရမည်ဖြစ်သည်။

■အပြင်သို့ ထွက်နိုင်သေးပါသလား

နိုင်ငံသားများအနေဖြင့် စူပါမားကက်သို့သွားခြင်း၊ တစ်ဦးတည်း လမ်းလျှောက်ခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်း၊ ကလေးများကို ပန်းခြံသို့ လိုက်ပို့ခြင်းနှင့် ခွေးများ လမ်းလျှောက်မှုကို ထိန်းကျောင်းခြင်းတို့ ပြုလုပ်နိုင်သေးသည်။ ဥပမာအားဖြင့် မိမိတို့၏ ကလေးများကို ကမ်းခြေသို့ ခေါ်သွားနိုင်သော်လည်း အခြားကလေးများနှင့် ကစားခွင့် မပြုသင့်ပေ။

Lockdown ၏ ရည်မှန်းချက်သည် ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ထိန်းချုပ်ကန့်သတ်ရန် ဖြစ်သည်။ အစိုးရအနေဖြင့် ဖြစ်နိုင်သည့် အန္တရာယ်များနှင့် လူအုပ်အတွင်းပျံ့နှံ့မှုတို့ကို တွက်ချက်သုံးသပ်ကာ ဘေးကင်းလုံခြုံမှုရှိပါက တစ်ဆင့်ချင်း ပြန်လည်လျှော့ချသွားရမည် ဖြစ်သည်။

■ Lockdown ကို မည်သို့ အမိန့်အာဏာ ထိန်းသိမ်းမည်နည်း။

သတ်မှတ်ချက်များနှင့်အညီ အမိန့်အာဏာ ထိန်းသိမ်းခြင်းကို ရဲတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့များက ဆောင်ရွက်ရသည်။ လမ်းများပေါ်တွင် ရဲတပ်ဖွဲ့ဝင်များ သို့မဟုတ် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို လုံလောက်စွာ ချထားမည်ဖြစ်သည်။ လိုအပ်ပါက တပ်မတော်မှ ပူးပေါင်းကူညီရမည် ဖြစ်သည်။

Lockdown ၏ စည်းမျဉ်းများကို ချိုးဖောက်ကြောင်း တွေ့ရှိရသူများကို အာဏာပိုင်များအနေဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်သည်။

အစိုးရအနေဖြင့် ရောဂါခြေချုပ်ချထားခြင်းကို ငြင်းဆန်သူများကိုလည်း လိုအပ်သလို အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်သည်။

■ မည်သည်တို့ကို မရှိမဖြစ် ဝန်ဆောင်မှုများဟု သတ်မှတ်မည်နည်း။

စူပါမားကက်များနှင့် ၎င်းတို့၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ဆက်လက်ထားရှိရမည် ဖြစ်သည်။ ပြည်သူများအနေဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးတို့အတွက် ပူပင်ကြောင့်ကြမှုမရှိရအောင် ဆောင်ရွက်ပေးရန် အစိုးရက တာဝန်ယူ တာဝန်ခံရမည် ဖြစ်သည်။ အဆိုပါ စူပါမားကက်များ ဘေးကင်းလုံခြုံမှုကို ရဲတပ်ဖွဲ့အပါအဝင် လုံခြုံရေးတပ်ဖွဲ့များက စောင့်ရှောက်ပေးရမည် ဖြစ်သည်။

ဆရာဝန်များ၊ ဆေးဝါးပညာရှင်များ၊ တိရစ္ဆာန်ဆေးကုဆရာဝန်များအနေဖြင့် ဆက်လက် အလုပ်လုပ်ကိုင်ရန် လိုအပ်သောကြောင့် ဆေးရုံများနှင့် ဆေးခန်းများ ဆက်လက်ဖွင့်ထားရမည် ဖြစ်သည်။ အရေးပေါ်ဝန်ဆောင်များနှင့် အရေးကြီးသော ဆောက်လုပ်ရေးလုပ်ငန်းအချို့ကို ဆက်လက်လုပ်ကိုင်ခွင့် ပြုရမည်ဖြစ်သည်။

အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရမည်ဖြစ်ပြီး ပြည်သူတို့အတွက် မရှိမဖြစ် ဝန်ဆောင်မှုအားလုံးကို ခွင့်ပြုထားရမည် ဖြစ်သည်။

ရေဒီယို၊ ရုပ်သံ၊ သတင်းစာ အစရှိသည့် မီဒီယာများ အားလုံးသည် ပြည်သူများအား အရေးကြီးသည့် သတင်းအချက်အလက်များ၊ လက်တွေ့ကျသော အကြံဉာဏ်များနှင့် သုံးသပ်ချက်များ ပေးရမည်ဖြစ်သောကြောင့် မရှိမဖြစ်ဝန်ဆောင်များ၌ ပါဝင်ပြီး ဆက်လက်လုပ်ကိုင်ခွင့် ပြုထားရမည်ဖြစ်သည်။

EMG

Post a Comment

Previous Post Next Post