အခု အနော်က ထိုင်းကနေပြန်လာလို့ သတ်မှတ်ထားတဲ့နေရာမှာ (၂)ပတ် Quarantine နေနေပါတယ် … 🇲🇲🇲🇲💪🏼

အနော့်အမေဆီမှာက ကင်ဆာရောဂါရှိပါတယ်။ ထိုင်းမှာ ကုနေတာ (၃)လကျော်ပြီး ကီမိုသွင်းထားရပါတယ်။ အခု ကိုဗစ် – ၁၉ ရောဂါကြောင့် ထိုင်းမှာလည်း ကူးစက်နှုန်းများလာတော့ ဆေးရုံက မလာခိုင်းတော့ပါဘူး။ ကုသမှုလည်း မပြီးသေးပါဘူး။ ထိုင်းမှာ ဆက်နေဖို့ကလည်း အနော့်ဆီမှာ ဗီဇာမကျန်တော့ပါဘူး။ ထပ်တိုးလို့လည်း မရတော့ပါဘူး။ အဲ့တာကြောင့် အကုန်မြန်မာပြည် ပြန်လာပြီး ဆေးရုံက ခေါ်ဖို့ပဲ စောင့်လိုက်ပါတယ်။


ဖြစ်ချင်တော့ ပြန်မလာခင် (၂)ရက်မှာ မြန်မာပြည်မှာ ရောဂါရှိသူ စတွေ့ရပါတယ်။ အဲ့မတိုင်ခင်တည်းက အစိုးရအနေနဲ့ တချို့နိုင်ငံက ပြန်လာတဲ့သူတွေကို နေစရိတ်၊ စားစရိတ်ငြိမ်း Quarantine လုပ်ပြီးစောင့်ကြည့်ပါတယ်။ (၂၅)ရက်နေ့ကစပြီး ဘယ်နိုင်ငံကပဲ လာလာ Home Quarantine (အိမ်မှာ ၁၄ ရက် သီးသန့်နေထိုင်မှုမပေးတော့ပဲ ကျန်းမာရေးဝန်ကြီးဌာနက သပ်မှတ်ထားတဲ့နေရာတွေမှာပဲ ပေးနေပါတော့တယ်)။



အနော်ကတော့ စိတ်ပူတာပေါ့။ လူငယ်ကိုယ်တွေက ဆေးရုံသွားသွား၊ ဝေဘာဂီရောက်ရောက် ဘာမှမဖြစ်ပေမယ့် ကင်ဆာရောဂါသည် အမေ့ကိုကျ လူအများနဲ့ မထားရဲဘူး။ အိမ်မှာလည်း နေခိုင်းလို့မရတော့ဘူး စိတ်ပူနေတုန်း အမိန့်စာအသစ်ထွက်တတ်တယ်တဲ့။ ပြည်တော်ပြန်တွေအတွက် Quarantine နေဖို့ (၂)မျိုးရွေးစရာရှိတယ်။

(၁) ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သတ်မှတ်ထားတဲ့ ဟိုတယ်တွေမှာ ကိုယ့်စရိတ်နဲ့ကိုယ် နေချင်နေ
(၂)စရိတ်မကုန်ချင်ရင် အစိုးရက သတ်မှတ်ပေးတဲ့ နေရာမှာ စားစရိတ်၊ နေစရိတ် ငြိမ်း (၁၄)ရက်တိတိ နေလို့ရပြီတဲ့။
ကိုယ့်မှာ အဲ့တော့မှ အလုံးကြီးကျတယ်။ အမေ့ကို ပြုစုဖို့ရှိတော့ အမေနဲ့ အနော်က ဟိုတယ်မှာနေ၊ အဖေနဲ့ ကိုကို ကကျ အစိုးရစီစဉ်ပေးတဲ့ နေရာမှာနေ။ (၄)ယောက်လုံး ဟိုတယ်ကျ စရိတ်လဲ ကြီးသလို မလိုအပ်ဘူးလို့ ထင်လို့ပါ။



မနေ့က လေဆိပ်ရောက်ရောက်ချင်း ကျန်းမာရေးအဖွဲ့က သေချာရှင်းပြပါတယ်။ စကားကို အေးဆေးပြောပြတာ၊ လူတိုင်းကို စိတ်ရှည်တာကိုတော့ မချီးကျူးဘဲ မေနေနိုင်ဘူး။ ဖြစ်ချင်တော့ လူတွေစုံမှ ဟိုတယ်မှာနေမလား၊ အစိုးရ စီစဉ်ပေးတဲ့နေရာမှာ နေမလားရွေးရတော့ အချိန်တော့ ပေးရပါတယ်။ အနော်တို့ဆို (၆)နာရီလောက် ကြာသွားပါတယ်။ ဟိုတယ်မလောက်တော့ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါသည်တွေကို ဦးစားပေးပြီး ကျန်တဲ့သူတွေအကုန်လုံးက အစိုးရစီစဉ်တဲ့နေရာကိုပဲ ပို့လိုက်ပါတယ်။ ဒါပေမယ့် နားလည်ပေးကြပါတယ်။ စကားနားထောင်ကြပြီး ပြသနာမရှာကြတဲ့ ပြည်တော်ပြန်တွေကို တကယ်လေးစားတာပါ 🙏🏼🙏🏼🙏🏼❤️

လေဆိပ်က ဆေးအဖွဲ့တွေလည်း တကယ်တော်ပါတယ်။ ကိုယ်ဆို အဖေနဲ့ ကိုကိုက အရင်သွားရတော့ အထုတ်တွေ သယ်တာပြုတာက အစ သူတို့ပဲ လုပ်ပေးတယ်။ ကင်ဆာကုနေတဲ့သူက (၂)ယောက်၊ အရိုးခွဲစိတ်ထားတဲ့အဖွားနဲ့ လူကြီးပိုင်းတွေပါတော့ သေချာလဲ ဂရုစိုက်ပေးတယ်။ အနော့်ဘဝမှာ အစိုးရအဖွဲ့အစည်းတွေ အဲ့လိုပြုမူတာ ဒါပထမဆုံးကြုံဖူးတာပဲ။ အားလည်း နာရသလို တကယ်လည်း ကျေးဇူးတင်မိတာ …. ကိုယ်က နိုင်ငံအတွက် ဘာမှမလုပ်ပေးနိုင်ပေမယ့် (အခွန်တောင် သေချာမဆောင်ဖူးပေမယ့်) ကိုယ်တွေကိုကျ သူတို့ဆွေမျိုးသားရင်းတွေလို အိမ်အပြန်ကို နွေးနွေးထွေးထွေး ကြိုဆိုပေးကြတာ။ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့နိုင်ငံမှာ အခုလောက် ချစ်စရာကောင်းတဲ့ လူသားတွေရှိတာ ဘယ်လောက်ကံကောင်းလိုက်သလဲ … 🙏🏼🙏🏼🙏🏼❤️❤️❤️



ဟိုတယ်ကိုတော့ ရွေးလို့မရပါဘူး။ ဘာလို့ဆို သူက လေယာဉ် တစ်စီးစာဆို သတ်သတ်မှတ်မှတ်၊ ရက်အလိုက် စောင့်ကြည့်ရတာမျိုးဆိုတော့ ဟိုတယ်တွေ ပွထပြီး ခွဲနေလို့ အဆင်မပြေပါဘူး။ (၂)ယောက်စာကို အစားအသောက်အပြီး တစ်ရက် (၅၀၀၀၀) လောက်ပေးရပါတယ်။ (၂)ပတ်ဆို (၇)သိန်းခွဲ။ ဒါတောင် မနေ့ကရောက်တော့ ဈေးပိုတောင်းနေလို့ တော်တော်ပြောယူလိုက်ရသေးတယ် .. 😁😁

အဖေတို့ကတော့ အားကစားလေ့ကျင့်ရေးစင်တာမှာ နေရပါတယ်။ (၂)ယောက် (၁)ခန်း။ အဲကွန်းပါ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးစွပ်၊ အိပ်ယာခင်း ဘာညာ အကုန်အသစ်တွေချည်းပဲတဲ့။ အိမ်သာရေချိုးခန်းက ဘုံ ဆိုပေမယ့် ဘိုထိုင်နဲ့ဘာနဲ့ တော်တော်အဆင်ပြေတယ် ပြောပါတယ်။ အစားအသောက်လည်း (၃)နပ်စာ အဆင်သင့်နဲ့ အဖေကတော့ ကောင်းကောင်းကြီး အနားရနေပါပြီ … 😁😁

အနော်လည်း ခုမှ တကယ်နားရတာ။ အမေ့ရောဂါနဲ့၊ သေချာချက်ကျွေးရတာနဲ့၊ ပိုက်ဆံရဖို့ အလုပ်တွေနဲ့၊ ခရီးတွေသွားရတာနဲ့ အခု ကူးစက်ရောဂါနဲ့ စိတ်ရော၊ ကိုယ်ပါ တကယ်ပင်ပန်းနေပါပြီ။ အိမ်မှာနေရရင်တောင် ထမင်း၊ ဟင်းချက်ပေးရဦးမယ်။ အခုတော့ အနော်စိန်လဲ စားလိုက်၊ သောက်လိုက် အိပ်လိုက်နဲ့။အတော့်ကိုသာယာစိန်ဖြစ်သွားပြီ။ ဒါကို တချို့လူတွေ Quarantine မနေဘဲ အသည်းအသန် ဘာလို့ငြင်းဆန်နေလဲ စဉ်းစားမရဘူးရယ် … 😁

ဒီနေရာမှာ ပြည်တော်ပြန်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက သိပ်အရေးကြီးပါတယ်။ အခုမြန်မာပြည်မှာ တွေ့ခဲ့တဲ့ရောဂါက အပြင်နိုင်ငံကနေပဲ ပါလာတာပါ။ အဲ့တော့ အပြင်ကပြန်လာတိုင်း သူတိုင်း မဖြစ်မနေ (၂)ပတ် Quarantine လုပ်ကိုလုပ်သင့်ပါတယ်။ အဲ့လိုလုပ်လို့လည်း လူတိုင်းမှာ ရောဂါပါလာတယ်လို့ မဆိုလိုပါဘူး။ “ပါလာခဲ့ရင်” ဆိုတဲ့ အနေအထားမှာရှိလို့ တကူးတက စိတ်ညစ်စရာမလိုသလို၊ အဲ့ဒီလူတွေကိုလည်း ခွဲခြားဆက်ဆံပြီး ပြောနေစရာမလိုပါဘူး။

ပြည်တော်ပြန်တွေဘက်ကကြည့်ရင်လည်း အိမ်ပြန်ချင်ပေမယ့် အခုလို သီးသန့်အရင် ခွဲနေရတာကို နားလည်ပေးစေချင်ပါတယ်။ ကိုယ့်ဆီမှာ ရောဂါပိုးရှိမှန်းမသိဘဲ မိသားစုဆီ ပြန်ခဲ့ရင် အရင်ဆုံး ကိုယ့်မိသားစုပဲ ကူးမှာပါ။ အဲ့ဒီကတဆင့် ထိန်းမနိုင်သိမ်းမရ ဖြစ်ရင် ဘယ်သူမှ လာကူနိုင်မဟုတ်လို့ သေကြေပျက်စီးကြဖို့ပဲ ရှိပါတော့တယ်။ ဘာမှ သိပ်မကူးသေးတာလို့လည်း မတွေးပါနဲ့။ ဒီရောဂါကို ပေါ့ဆခဲ့တဲ့ အနောက်နိုင်ငံတွေကို နမူနာယူစေချင်ပါတယ်။

ဆိုတော့
ပြည်တော်ပြန်တွေကို မေတ္တာရပ်ခံပါတယ်။
ဘယ်နိုင်ငံကပဲ ပြန်လာလာ …
ဘယ်လမ်းကြောင်းနဲ့ပဲ ပြန်လာလာ … ကိုယ့်မိသားစုကို တကယ်ချစ်ရင် (၂)ပတ် သီးခြားခွဲနေပေးစေလိုပါတယ်။

ဒီလိုလုပ်တာဟာ အကျဉ်းချတာမဟုတ်ဘူး၊ အပြစ်ဒဏ်ပေးတာ မဟုတ်ဘူး၊ ကိုယ်နဲ့ ကိုယ့်မိသားစုနဲ့ ကိုယ့်နိုင်ငံသားတွေကို ကာကွယ်ပေးနေတာပါ ဆိုတာလေးကို သတိချပ်စေချင်ပါတယ်။

သင့်မိသားစုကို တကယ်ချစ်ရင်
သတ်မှတ်ထားတဲ့ နေရာမှာ (၂)ပတ် Quarantine နေထိုင်ခြင်းဖြင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကို ကာကွယ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ ❤️❤️❤️

ဒါဟာ Review မဟုတ်ပါဘူး
လက်ရှိဖြစ်နေတဲ့ အနေအထားကို နားလည်စေရုံသာ

ကျေးဇူးတင်ပါတယ်
ကပ်ရောဂါကြီး အမြန်ဆုံး ကင်းစင်ပါစေ ….. 🙏🏼🙏🏼🙏🏼

Credit
Naw Htike
25.3.2020

Quarantine – ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်တားဆီးခြင်း

Post a Comment

Previous Post Next Post