WHO က အမြင့်ဆုံး အခြေအနေအဖြစ် တပ်လှန့်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ်နှင့် နောက်ဆုံး သတင်းများ…

တနင်္ဂနွေမနက် နောက်ဆုံးရ သတင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်း သေဆုံးသူ ၂၉၇၇ ဦး ကူးစက်နေသူ ၈၆၉၆၀ နဲ့ ပြန်လည်ကျန်းမာလာသူဦးရေ ၄၂၁၂၆ ရှိပြီး အခု ကမ္ဘာ့နိုင်ငံ ၆ဝ ခန့်ကို ပြန့်ပွားနေပြီဖြစ်ပါတယ်။ တရုတ်ပြည် ပြင်ပ အများဆုံးဖြစ်ပွားနေတဲ့ တောင်ကိုရီးယားမှာ လူ ၃၅၀ဝ ကျော်ကို ကူးစက်နေပါတယ်။ အီတလီမှာ ၁၁ဝဝ ကျော်၊ အီရန်မှာ လူ ၆ဝဝ၊ ဂျပန်မှာ ၂၄၁ ဦး၊ စင်္ကာပူနဲ့ ပြင်သစ်မှာ လူ ၁ဝဝ ခန့်စီ ဖြစ်ပွားနေပါတယ်။ တရုတ်ပြည်ပြီးရင် ဒုတိယအများဆုံး သေဆုံးတဲ့ အီရန်မှာ ၄၃ ဦးနဲ့ အီတလီမှာ ၂၉ ဦး အသက်ဆုံးပါးခဲ့ပါပြီ။ အီရန်အစိုးရဟာ အမှန်တကယ် ကူးစက်ဖြစ်ပွားနေတဲ့ ကိန်းဂဏန်းတွေကို ဖုံးကွယ်ထားတယ်လို့ ဝေဖန်နေကြပါတယ်။

ဒီအတောအတွင်း ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က တရုတ်နိုင်ငံ ဝူဟန်မြို့နေ အိန္ဒိယလေတပ်က လေယာဉ်ပျံတစ်စင်းနဲ့ကယ်ထုတ်လာခဲ့သူ ၁၁၂ ဦးကို ပဏာမ စစ်ဆေးရာမှာ ဗိုင်းရပ်စ်ပိုး မတွေ့ရဘူးလို့ သိရပါတယ်။ အဲဒီသူတွေထဲမှာ အိန္ဒိယနိုင်ငံသား ၇ဝ ကျော်နဲ့အတူ မြန်မာနိုင်ငံသား နှစ်ဦးနဲ့ တခြားနိုင်ငံသားတွေ ပါဝင်ပါတယ်။ သူတို့ကို အိန္ဒိယနဲ့ တိဘက်ဒေသ နယ်ခြားစခန်းတခုမှာ အခု သီးခြားခွဲထားပြီး ၁၄ ရက်စောင့်ကြည့်ကာ ထပ်မံစစ်ဆေးမယ်လို့ ဆိုပါတယ်။


အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေမှုတွေကြောင့် အမေရိကန်အစိုးရက နီဗားဒါးပြည်နယ် Las Vegas လတ်စ်ဗေးဂတ်မြို့မှာ အခု မတ်လလယ်ပိုင်းကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံ ၁ဝ နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် အစည်းအဝေးကို ရွှေ့ဆိုင်းကြောင်း သောကြာနေ့က ကြေညာလိုက်ပါတယ်။ အဲဒီ ထိပ်သီးအစည်းအဝေးကို သမ္မတထရမ့် တက်ရောက်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ အစိုးရ အရာရှိတစ်ဦးက အမေရိကန်ပြည်ထောင်စုအနေနဲ့ အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေး ကို တန်ဖိုးထားပါတယ်။ မလွဲသာလို့ အခုလို ဆုံးဖြတ်ရတာဖြစ်ပြီး အနာဂတ်ကာလမှာ တွေ့ဆုံပွဲတွေ ကျင်းပနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ အခု ရွှေ့ဆိုင်းမှုနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံတွေကို အကြောင်းကြားစာတွေ ပို့လိုက်ပြီးပြီလို့လည်း သိရပါတယ်။

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ဝါရှင်တန်ပြည်နယ်မှာ ဒီဗိုင်းရပ်စ်ရောဂါနဲ့ အသက် ၅၀ကျော်အမျိုးသားတစ်ဦး စနေနေ့က သေဆုံးသွားခဲ့ပါတယ်။ အမေရိကန်ရဲ့ ပထမဆုံး သေဆုံးခဲ့တဲ့ အဲဒီလူဟာ COVID-19 ဗိုင်းရပ်စ်သင့်ပြီး နာမကျန်းဖြစ်တာကြောင့် ဆေးရုံတက်ကုသနေရင်း အဲဒီဆေးရုံမှာပဲ သေဆုံးခဲ့တာပါလို့ ဝါရှင်တန်ကျန်းမာရေးဌာနရဲ့ ကူးစက်ရောဂါဆိုင်ရာယူနစ်ခေါင်းဆောင် ဂျက်ဖရီဒူချင်းကပြောပါတယ်။


အဲဒီလူသေဆုံးကြောင်း သတင်းထုတ်ပြန်ပြီးတဲ့နောက်မှာတော့ သမ္မတထရမ့်က အမေရိကန်ပြည်သူတွေ မကြောက်ရွံ့ကြဖို့တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒီ ရောဂါဖြစ်ပွားနေတဲ့ ဒေသတွေကို သွားရောက်ခဲ့ခြင်း သို့မဟုတ် ကူးစက်ဖြစ်ပွားနေသူတွေနဲ့ အနီးကပ်ထိတွေ့ခြင်း တစ်စုံတစ်ရာ မရှိခဲ့သူတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုကို အမေရိကန် ကျန်းမာရေးအရာရှိတွေက အထူးစိုးရိမ်နေပါတယ်။ သမ္မတထရမ့်က မက္ကဆီကိုနိုင်ငံနဲ့ အမေရိကန် နယ်စပ်က ဝင်ထွက်ဂိတ်တွေနဲ့ တောင်ကိုရီးယား၊ ဂျပန် နဲ့ အီတလီနိုင်ငံတွေက လာရောက်မယ့် ခရီးသွားတွေကို ပိတ်ပင်ဖို့ အခု စဉ်းစားနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လက်ရှိကူးစက်ဖြစ်ပွားနေသူ ၆ဝ ရှိပြီး လေးဦးရဲ့ အခြေအနေ အထူးဆိုးဝါးနေတယ်လို့ ဆိုပါတယ်။

အီရတ်၊ ကာတာ နဲ့ အီကွေဒေါ နိုင်ငံတွေက ဒီဗိုင်းရပ်စ်ကူးစက်သူတွေကို မနေ့က စတင်တွေ့ရှိခဲ့စဉ်မှာပဲ ပြင်သစ်အစိုးရက နိုင်ငံတဝန်း လူဦးရေ ငါးထောင်ထက်ပိုမိုတဲ့ လူစုလူဝေး အခမ်းအနားတွေကို ပိတ်ပင်လိုက်ကြောင်း မနေ့က ကြေညာပါတယ်။ ဒါ့အပြင် ပြင်သစ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ လူတွေအချင်းချင်း တွေ့ဆုံတဲ့အခါ လက်ဆွဲနုတ်ဆက်ခြင်းနဲ့ ပြင်သစ်ယဉ်ကျေးမှုအတိုင်း နှုတ်ခမ်းနဲ့ ပါးကို နမ်းရှုပ်ခြင်းတွေ ရှောင်ကြဉ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ ပဲရစ်မြို့မှာ ဒီနေ့ကျင်းပမယ့် မာရသွန်ပြိုင်ပွဲကိုလည်း ဖျက်သိမ်းလိုက်ပါပြီ။



ဒီအတောအတွင်း ဂျပန်နိုင်ငံမှာ စာသင်ကျောင်းတွေပိတ်ထားမှုကြောင့် သားသမီးတွေကို စောင့်ရှောက်ဖို့ အလုပ်ပျက်မယ့် အလုပ်သမားတွေကို ထောက်ပံ့ငွေပေးရေးအတွက် သက်ဆိုင်ရာကုမ္ပဏီတွေကို အစိုးရက ငွေကြေးကူညီမယ်လို့ သတင်းရပါတယ်။

ဒီရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ကမ္ဘာ့စီးပွားရေးကို ပိုမိုထိခိုက်လာနေပါတယ်။ တရုတ်ပြည်ရဲ့ ကုန်ထုတ်လုပ်ငန်း အကြီးအကျယ်နစ်နာခဲ့ပြီး ကမ္ဘာ့စတော့ရှယ်ယာဈေးတွေလည်း သိသိသာသာ ကျဆင်းနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလဲ COVID-19 အခြေအနေကို အမြင့်ဆုံးအဖြစ် တပ်လှန့် ထားပါတယ်။

Post a Comment

Previous Post Next Post