COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလ ခွင့်မယူဘဲ အမှိုက်သန့်ရှင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်က စည်ပင်သာယာရေး အောက်ခြေဝန်ထမ်းတွေကို ဧပြီ ၃ ရက်နေ့က အခြေခံစားသုံးကုန်တွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ပုသိမ်မြို့နယ်အတွင်းက သန့်ရှင်းသာယာလှပရေးဝန်ထမ်းတွေ၊ မြို့သာယာလှပေးရေး လုပ်ဆောင်နေတဲ့ အောက်ခြေဝန်ထမ်း ၈၆ ဦးကို စုစုပေါင်း ၈ သိန်းကျော်တန်ဖိုးရှိ အခြေခံစားသောက်ကုန်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ထောက်ပံ့ပေးအပ်ခဲ့တာလို့ ပုသိမ်မြို့နယ် စည်ပင်သာယာရေးအတွင်းရေးမှူး ဒုညွှန်ကြားရေးမှူး ဦးကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။

ခွင့်မယူသည့် ပုသိမ်စည်ပင် အောက်ခြေဝန်ထမ်းများ
“ခုချိန်က COVID-19 ရောဂါကလည်း အခြေအနေဆိုးလာတယ်၊ အဲ့တော့ အရင်တုန်းက ၁ ခါဆို ခုက ၂ ခါ ရှင်းခိုင်းတယ်၊ ဒီလိုအချိန်မှာ ခွင့်မယူဘဲ ပြောသမျှ လိုက်လုပ်ပေးလို့ ဂုဏ်ပြုတဲ့အနေနဲ့ ခုလိုထောက်ပံ့ပေးတာ”လို့ ပြောပါတယ်။
စည်ပင်သာယာရေး အောက်ခြေဝန်ထမ်း ၁ ဦးကို ဆီ ၁ လီတာ၊ ကြက်သွန်နီ ၅၀ ကျပ်သား၊ ဆန် ၇ ပြည်ခွဲစီ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ခွင့်မယူသည့် ပုသိမ်စည်ပင် အောက်ခြေဝန်ထမ်းများ
COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလမှာ အရင်က အမှိုက် ၁ ကြိမ် သိမ်းတဲ့နေရာမှာ အခုတော့ ကြီးကြပ်တွေကို ပြန်စစ်ခိုင်းပြီး အမှိုက်ကျန်တာမျိုးမရှိအောင် ခဏခဏ သိမ်းပေးတာမျိုးတွေ ပြုလုပ်နေရတာကြောင့် ဂုဏ်ပြုရတာလို့ ဆိုပါတယ်။

ပုသိမ်မြို့နယ်အတွင်းမှာရှိတဲ့ စည်ပင်သာယာရေး အောက်ခြေဝန်ထမ်းတွေကို ၁ လ ၁ ကြိမ်၊ ၂ လ ၁ ကြိမ် ခုလို အခြေခံစားသုံးကုန်တွေ ထောက်ပံ့ပေးတာမျိုးတွေ ပြုလုပ်ပေးနေပြီး အလှူရှင်ရှိရင်လည်း ရှိသလို ထောက်ပံ့ပေးနေတယ်လို့ မြို့နယ်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။



Post a Comment

Previous Post Next Post