“တရုတ်ကြီး နဲ့ COVID-19 ခေတ်ပျက် စီးပွားရေး”

အားလုံးသိတော်မူကြတဲ့ အတိုင်းပါဘဲ။ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ်ဆိုးကြီးဟာ တရုတ်ပြည်က စခဲ့တာဖြစ်ပေမယ့် ယနေ့အချိန်မှာ ဆိုရင်ဖြင့် တရုတ်ပြည်မှာ အေးဆေးသွားပြီဖြစ်ပြီး အမေရိက နဲ့ ဥရောပမှာတော့ အလူးအလဲဖြစ်နေပါပြီ။

တရုတ်ကြီးကတော့ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်ပြန်ပြီးလည်ပတ်နေပြီဖြစ်တဲ့အပြင် တစ်ကမ္ဘာလုံးကို COVID 19 ကာကွယ်ကုသတိုက်ဖျက်ရေး ပစ္စည်းတွေ နေ့မအား ညမနား လက်မလည်အောင် ထုတ်လုပ်ရောင်းချလျှက်ရှိနေပါပြီ။

တစ်ကမ္ဘာလုံးကလည်း တရုတ်က ပစ္စည်းမှ ဝယ်မသုံးရင် ကပ်ရောဂါဆိုးကြီးဒဏ်ကို လည်စင်းခံယုံမှတပါး အခြားနည်းလမ်း မရှိသလောက်ပါ။ ကျွန်တော်တို့လို ဆင်းရဲတဲ့ နိုင်ငံ၊ တရုတ်ပြည်နဲ့ နယ်နမိတ်ချင်းရှည်လျှားစွာ ထိစပ်နေတဲ့ နိုင်ငံကတော့ ပိုဆိုးတာပေါ့ဗျာ။ အဲဒီအခြေအနေအထိ က ပြဿနာမဟုတ်သေးပါဘူး။ သူတို့ ထုတ်လုပ်ရောင်းချပေးလို့သာ ငါတို့သက်သာရာရတယ်ဆိုပြီးကျေးဇူးတောင် တင်နေရပါသေးတယ်။

ဒါပေမယ့်ဗျာ၊ နေ့မအားညမနား ထုတ်လုပ်တင်ပို့ရောင်းချမှုကနေ Quality Control မလုပ်နိုင်တော့တဲ့/မလုပ်တော့တဲ့ (တမင်လား/အချိန်မရလို့ မလုပ်တာလား ကတော့ သူတို့မှ သိမှာပါ) ပြဿနာကတော့ အကြီးကြီးတက်လာတော့မှာတွေ့နေရပါပြီ။

ယနေ့ ကျွန်တော့်ကိုယ်တွေ့ တစ်ခုပြောပြချင်ပါတယ်။

Infrared Thermometer တွေ တစ်ပြည်လုံးအတိုင်းအတာ နဲ့ ပစ္စည်းတွေပြတ်၊ လိုအပ်ချက်ကအရမ်းများ၊ ဈေးတွေတအားကြီးနေချိန်မှာ ကျွန်တော့်တပည့်တစ်ယောက်က တရုတ်ပြည်အဆက်အသွယ်ရှိလို့ နာမည်ကြီးအမျိုးအစားကောင်း Infrared Thermometer တွေ မှာလိုက်တာ ‌ဈေးအသင့်အတင့်နဲ့ (လက်ရှိအပြင်ပေါက်ဈေးထက် အနည်းငယ်သက်သာ) ကနေ့ရောက်လာလို့ ကျွန်တော်လည်း လှူဖို့အတွက် ဝမ်းသာအားရ အလုံးသုံးဆယ် ဝယ်ပြီး နယ်ဆေးရုံတွေကို ၈လုံး ချက်ချင်းပို့လိုက်ပါတယ်။

ပြီးမှ အချိန်အနည်းငယ်ရတာနဲ့ Instruction လေးဖတ်ပြီး စမ်းကြည့်လိုက်တော့ သိပ်အဆင်မပြေတာသွားတွေ့ရပါတယ်။ အဲဒါနဲ့ စိတ်ပူပြီး ကမန်းကတန်း ကျန်အလုံးတွေပါစမ်းကြည့်လိုက်တော့ ၂၂လုံးမှာ အသင့်အတင့်ကောင်းသည်ဟု ယူဆရ ၁၅ လုံးနဲ့၊ လုံးလုံးအဆင်မပြေ ၇လုံး (၃၃% အဆင်မပြေ) သွားတွေ့ရပါတယ်။

တရုတ်ပစ္စည်းတွေ မှတပါး အခြားကိုးကွယ်ရာမရှိတဲ့ ကျွန်တော်တို့တော့ သေပြီဆရာပါဘဲ။
စေတနာနဲ့ ပစ္စည်းသွင်းပေးတဲ့ တပည့်မကိုဘဲ မျက်နှာပူပူနဲ့ ပြန်ပြောလိုက်တော့ ကောင်းတာလေးတွေ စစ်ဆေးပြီးလဲပေးရှာပါတယ်။ သို့သော် သို့သော်ပေါ့လေ။ တစ်ပြည်လုံးအတိုင်းအတာနဲ့ ဘာတွေများဖြစ်လာနိုင်သလဲဆိုတာကို စဉ်းစားသာကြည့်လိုက်ကြပါတော့ ပရိတ်သတ်ကြီးရေ။

San Kyu

Post a Comment

Previous Post Next Post