ယနေ့မှ စတင်၍ အိမ်တွင်းနေကြရမည့် ဒေသန္တရအမိန့် ဒေသအသီးသီးတွင် စတင်မည်ဖြစ်သည်။ ရန်ကုန်တွင်လည်း စတင်မည်ဖြစ်သည်။ တနည်းဆိုသော် ရန်ကုန် လူဦးရေ ၇ သန်းခွဲခန့် အိမ်ထဲတွင်သာ Home Stay နေကျရမည် ဖြစ်သည်။ ယခု ဖြစ်ပေါ်နေသော ကိုရိုနာဗိုင်းရပ်စ် သည်အသစ်ဖြစ်နေသောကြောင့် WHO ပင်လျှင် အခုထိ အမှီလိုက်နေရဆဲဖြစ်သည်။ မနေ့က တီးတိန်ရှိ ကိုရိုနာဗိုင်းရပ်စ်လူနာအမှတ် (၁)၏ မိခင်တွင် ပိုးတွေ့ရှိကြောင်း အဖြေကို သိရသည်။ ထိုသည်မှာ ယခုရေးမည့်အကြောင်းအရာနှင့် ကွက်တိပင်ဖြစ်သည်။

ကျနော်တို့တိုင်းပြည်တွင် စစ်ဆေးသည့် Test Kit မှ အစ စစ်ဆေးရန်နမူနာယူသည့် အဆင့်အလယ် သယ်ယူပို့ဆောင်ခြင်းအဆုံး အခက်အခဲများစွာရှိသည်။ ပြည်နယ်များတွင်မူ ပိုဆိုးသည်။ ပထမဆုံးစတင်ကျင့်သုံးသည့် နည်းလမ်းမှာ ပိုးတွေ့လူနာနှင့် ထိစပ်သူများရှိလျှင် Quarantine လုပ်ထားသည်။ နမူနာယူ စစ်ဆေးသည်။ တချို့ အလှမ်းဝေးသူများကိုဆိုလျှင် စောင့်ကြည့်သည်။ လက္ခဏာပြလျှင် စစ်ဆေးပီး အပေါင်းထွက်လာလျှင် ဆေးရုံသို့ ပြောင်းရွှေ့ကုသသည်။ ထိုသည်မှာ ကနဦးက လုပ်ဆောင်ချက်များဖြစ်သည်။

ယခုအခါ Test Kit များ ပိုမိုရရှိလာပီဖြစ်သဖြင့် ပိုမိုစစ်ဆေးလာနိုင်ပီဖြစ်သည်။ ထို့ကြောင့် ယခု ချင်းပြည်နယ်မှ Quarantine ပြည့်ခါနီး လူနာအမှတ် (၁) နှင့် အနီးကပ်ရှိသူကို စစ်ဆေးရာမှ လူနာအမှတ် (၂၃) ပိုးတွေ့ရခြင်းဖြစ်သည်။ သူမသည် မည်သည့်ရောဂါလက္ခဏာကိုမှ မပြသော သယ်ဆောင်သူဖြစ်သည်။ သို့သော် နဂိုထဲမှ အိမ်တလုံးထဲတွင် တဦးထဲထားသောသူဖြစ်သဖြင့် အတန်ငယ် စိတ်အေးရသေးသည်။ ကျနော်တို့ စိတ်ပူသည်မှာ ထိုင်းမှ ပြန်လာသူများဖြစ်သည်။
ယခုအခါ ထိုင်းမှ ပြန်လာသူအတော်များများကို Facility Quarantine ၁၄ ရက် ပြည့်၍ အိမ်ပြန်ခိုင်းလိုက်ပီဖြစ်သည်။ အိမ်တွင် ၁၄ ရက် အပြင်မထွက်ပဲ နေထိုင်ရန်လဲ မှာကြားလိုက်ပါသေးသည်။ သို့သော် ထိုသူတို့ လိုက်လုပ်မလုပ်သည် ပြသနာရှိသည်။ သောင်းနဲ့ချီသော ထိုသူအားလုံးကိုလဲ မစစ်ဆေးလိုက်နိုင်ပါ။ ရောဂါပြသူများကိုသာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယခု စခန်းမှ ပြန်သွားကြသူများသည် လက္ခဏာမပြသော လူကောင်းများဖြစ်သည်။

သို့ရာတွင် Covid-19 ပိုးသယ်ဆောင်သူများ ဖြစ်ကောင်းဖြစ်နိုင်သည်။ တချို့တိုင်းပြည်များတွင် ပိုးစတင်တွေ့ရှိချိန်မှစ၍ တလကျော်မှ ပိုးတွေ့သူများ မြင့်တက်လာခြင်းမှာ ထိုအချက်ကြောင့်ဖြစ်သည်။ ထို့ကြောင့် ပြည်တော်ပြန်များကို အိမ်တွင် ၁၄ ရက် ထပ်နေရန် မှာကြားခြင်းဖြစ်သည်။ ယခုအချိန်သည် ပြည်သူများအတွက် အရေးအကြီးဆုံးအချိန်ဖြစ်သည်။

ယခုအခါ ထိုသူများသည်လည်း ပြည်သူများထဲ ပြန်လည်ဝင်ရောက်လာကြပီဖြစ်သည်။ ထို့ကြောင့် လာမည့် ၁၄ ရက်သည် မြန်မာပြည်၏ ရောဂါကူးစက်နှုန်းကို ဆုံးဖြတ်မည့် နေ့စွဲများဖြစ်သည်။ ယနေ့မှ စတင်မည့် Home stay သည် အလွန်အရေးကြီးသည်။ အိမ်ထဲတွင် နေခြင်းအားဖြင့် မည်သူနဲ့မျှ ထိတွေ့မှုမရှိပဲ မိမိကိုယ်ကို ကာကွယ်ရာရသလို တိုင်းပြည်အတွက်လဲ ကာကွယ်ပီးသားဖြစ်သည်။
ထို့ကြောင့် ဤပိတ်ရက် ၁၀ ရက်ကို အိမ်မှာနေကြပါ။ လိုင်းပေါ်မှ ဆက်သွယ်ကြပါ။ အပြင်သွားလျှင် Mask တပ်ပါ။ လက်ဆေးပါ။ ထိုသို့ဖြင့် မိမိနှင့်တကွ နိုင်ငံတော်ကို ကာကွယ်ပါ။ ဒီနေ့ စတင်ပါပီ။ အားလုံး သင်္ကြန်အချိန်အခါသမယမှာ အိမ်မှာပဲ ပျော်ရွှင်အောင် နေထိုင်ခြင်းဖြင့် ကပ်ဆိုးကြီးကို ကျော်ဖြတ်နိုင်ကြပါစေ။ မြန်မာပြည်ကြီး ကံကောင်းပါစေ…

Nay Thway

Post a Comment

Previous Post Next Post