ဒီနေ့ ဆိုရင် ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူပေါင်း ၁.၂သန်းကျော်အထိ ရှိလာပြီး ကျွန်တော်တို့မြန်မာမှာတော့ ပိုးတွေ့ရှိသူ ၂၁ဦး အထိ ရှိလာပြီဖြစ်ပါတယ်။ ကိုရိုနာကပ်ဘေးကို ကမ္ဘာ့အတိုးတက်ဆုံး အချမ်းသာဆုံးနိုင်ငံကြီးတွေတောင် အလူးအလဲခံနေကြရပြီး ဗိုင်းရပ်စ် ကူးစက်မှုပြင်းထန်တဲ့သူတွေကိုကုသတဲ့ နေရာမှာ အဓိကလိုအပ်တဲ့ အသက်ရှုအားကူးစက်မလုံလောက်တဲ့ ပြသနာဟာ နိုင်ငံကြီးတွေမှာတောင် ဖြစ်ပွားလျက်ရှိပါတယ်။




မြန်မာနိုင်ငံမှာလည်း ဒီလို ဈေးကြီးပြီးဝယ်ရခက်တဲ့ အသက်ရှုအားကူစက်တွေ မလုံလောက်တဲ့အခါမှာ တတ်နိုင်တဲ့ဘက်ကကူညီနိုင်ဖို့အတွက် မြန်မာပြည်သားအချို့ဟာ အသက်ရှုအားကူစက်တွေကို ကိုယ်တိုင်ဖန်တီးဖို့ ကြိုးစားနေကြတာကို တွေ့ရပါတယ်။

ဒီလိုဖန်တီးနေကြတဲ့အထဲမှာ တဖွဲ့ကတော့ ဦးခင်မောင်ဝင်း ဦးဆောင်တဲ့ UD Group နဲ့ မိတ်ဆွေများဖြစ်ပါတယ်။ UD Group ဟာ ဧပြီလ ၄ ရက်နေ့က စလို့ Homemade အသက်ရှုအားကူစက် စမ်းသပ်တည်ဆောက်တဲ့ ဒီပရောဂျက်ကို စတင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ စမ်းသပ်တည်ဆောက်မှု ၉၀% အထိ ပြီးစီးခဲ့ပြီလို့ သိရပြီး ပရောဂျက်ရဲ့ စုစုပေါင်း ကြာမြင့်ချိန်ကို ၇၂နာရီ လို့သတ်မှတ်ကာ ကြိုးစားလျက်ရှိပါတယ်။ ဆေးရုံတွေမှာ အသက်ရှုအားကူစက်တွေ အခက်အခဲဖြစ်ခဲ့ပါက အရေးပေါ်ကူညီနိုင်ဖို့အတွက် ဒီလိုစမ်းသပ်တည်ဆောက်ခြင်း ဖြစ်တယ်လို့ သိရပြီး လိုအပ်ချက်များရှိပါက အကြံဉာဏ်ပေးကြဖို့လည်း ဦးခင်မောင်ဝင်းက ပြောထားပါတယ်။

နောက်တဖွဲ့ကတော့ ကိုရဲမင်း နဲ့ Plc ဦးဝင်းသိန်း ဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး သူတို့ကတော့ အလွယ်တကူသယ်ဆောင်သွားနိုင်တဲ့ အသက်ရှုအားကူစက် portable ventilator ဖန်တီးဖို့ကြိုးစားလျက်ရှိကြပါတယ်။ ဒီအစီအစဉ်ကို အကြံပေးသူကတော့ B.E(Mechatronics)နဲ့ကျောင်းပြီးကာစ ကိုအာကာထက်ကျော် လို့သိရပါတယ်။

သူတို့စမ်းသပ်တည်ဆောက်နေတဲ့ အသေးစား အသက်ရှုအားကူစက်ဟာ ၂ရက်အတွင်း ရုပ်လုံးပေါ်လာမယ်လို့ သိရပါတယ်။ မနေ့ကအချိန်ထိတော့ ၅၀% အထိ ပြီးစီးခဲ့ပြီလို့ သိရပြီး အောင်မြင်စွာတည်ဆောက်နိုင်ဖို့ ဆက်လက်ကြိုးစားလျက်ရှိကြပါတယ်။


အခုလို ကိုရိုနာကပ်ဘေးနဲ့ ကြုံတဲ့ကာလအတွင်းမှာ မြန်မာပြည်သူပြည်သားတွေဟာ သူတို့တတ်နိုင်တဲ့ဘက်ကနေ နိုင်ငံကို ကူညီဖို့ကြိုးစားနေကြတာကိုမြင်ရတာဟာ အထူးဝမ်းသာဖို့ကောင်းလှပါတယ်။ UD ဦးခင်မောင်ဝင်း နဲ့ ကိုရဲမင်းတို့ အဖွဲ့ အကောင်းဆုံး ကိုယ်တိုင်လုပ် ventilator တည်ဆောက်နိုင်ကြပါစေကြောင်း ဆုတောင်းရင်း သုတဇုန်စာမျက်နှာအနေနဲ့လည်း အားပေးဂုဏ်ပြုလိုက်ပါတယ်။

Post a Comment

Previous Post Next Post