ကျိုင်းတုံလေဆိပ်သို့ မြန်မာ့လေကြောင်းဖြင့် ဧပြီလ (၈)ရက်နေ့က လိုက်ပါသည့် ခရီးသည်များ ဆေးရုံသို့ ဆက်သွယ်ရန် ကြေငြာ…

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့သို့ ဧပြီလ (၈) ရက်နေ့က မြန်မာ့လေကြောင်းလိုင်း ရန်ကုန်-ဟဲဟိုး-ကျိုင်းတုံ လေယာဉ်ခရီးစဉ်ဖြင့် လိုက်ပါစီးနင်းလာသည့် ခရီးသည်များအားလုံး ကျိုင်းတုံမြို့ရှိ ကုတင် ၂၀၀ ဆံ့ အထွေထွေ ရောဂါကုဆေးရုံသို့ အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့ရန် ဧပြီလ ၁၂ ရက်က အသိပေးထုတ်ပြန် ကြေညာထားသည် ဟု သိရသည်။

အဆိုပါ လေကြောင်းခရီးစဉ်တွင် အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၃၀ ဦးတို့ လိုက်ပါစီးနင်းလာခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း လိုက်ပါလာသူ အမျိုးသားတစ်ဦးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၁၂ ရက်၊ နံနက် ၂ နာရီအချိန် ထုတ်ပြန်ချက်တွင် ပါရှိသောရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ဆေးရုံမှ COVID-19 ပိုးတွေ့လူနာအမှတ် ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈ တို့နှင့် ထိတွေ့ခဲ့ဖူးသူဖြစ်ကာ လက်ရှိတွင် ၎င်းသည်လည်း ဖျားခြင်း၊ လည်ချောင်းနာခြင်းများ ဖြစ်ပေါ်နေသည့် အတွက် မိုင်းဖြတ်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
“ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ အဲဒီနေ့လေယာဉ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေကို ကျန်းမာရေး စစ်ဆေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ဆေးရုံအနေနဲ့ လိုအပ်တာတွေကို ပြင်ဆင်ထား ပါတယ်” ဟု ကျိုင်းတုံမြို့ရှိ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းက ပြောသည်။

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသည့် လူနာတစ်ဦး၌ COVID-19 ကူးစက်ရောဂါပိုး တွေ့ရှိထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ ၁၁ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသသို့လည်း ရောဂါ ကူးစက်လာမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း COVID-19 ရောဂါပိုး အတည်ပြုလူနာ ၂ ဦး တွေ့ရှိထားပြီး ၎င်းတို့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲဆေးရုံမှ လားရှိုးဆေးရုံသို့ လွှဲပြောင်းလာသည့် လူနာတစ်ဦးနှင့် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ လူနာတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

KBZTai

Post a Comment

Previous Post Next Post