မြစ်ကြီးနား ဘူတာတိုက်တန်းလမ်းကြားတွင် ဂရပ်ဖ်တီပန်းချီရေးဆွဲခဲ့သူများအား ပြည်နယ်သာသနာရေးဦးစီးဌာနမှ အမှုဖွင့်တိုင်ကြားလိုက်ကြောင်း သိရသည်။

ပန်းချီရေးဆွဲခဲ့သူ ကိုဇေယျာနောင်အပါအဝင် ပန်းချီဆရာမ မစီစီလျားဂျာဆိုင်း၊ ကိုနော်ထူးအောင်တို့ကို အရေးယူပေးပါရန် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

#VOM #သာသနာညှိုးနွမ်းစေမှု #မြစ်ကြီးနားဘူတာ #ကချင်ပြည်နယ်သာသနာရေးဦးစီးဌာန #ဂရပ်ဖ်တီပန်းချီ

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကာကွယ်ရေးတွင် အားလုံးပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် ဂရပ်ဖ်တီသရုပ်ဖော်ပုံများနှင့် အသိပေးသည့်ကမ်ပိန်းတရပ် လုပ်ဆောင်နေစဉ် ဘူတာတိုက်တန်းလမ်းကြားတွင် ကိုဇေယျာနောင်ရေးဆွဲခဲ့သော သရုပ်ဖော်ပန်းချီတစ်ခုမှာ ဘာသာရေးကို ထိပါးစေသည့် အဓိပ္ပာယ်မျိုးပါဝင်နေကြောင်း ဗုဒ္ဓဘာသာဝင်အချို့က လူမှုကွန်ယက်ပေါ်တွင် ဝိုင်းဝန်းဝေဖန်မှုများ ရှိလာခဲ့ပြီးနောက် ပြည်နယ်သာသနာရေးဦးစီးဌာနက ယခုကဲ့သို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ကိုဇေယျာနောင်အပါအဝင် သုံးဦးအား ယနေ့ (ဧပြီ- ၃)နေ့ခင်းပိုင်းက မြစ်ကြီးနားမြို့နယ်တရားရုံးတွင် သာသနာညှိုးနွမ်းစေမှု ပုဒ်မ- ၂၉၅(က)ဖြင့် တိုင်ကြားခဲ့ပြီး တရားရုံးတော်က ရာဇသတ်ကြီးအမှတ် -၃၄၁/၂၀၂၀ ဖြင့် အမှုလက်ခံဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သာသနာညှိုးနွမ်းစေမှု ပုဒ်မ- ၂၉၅(က)သည် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သောပုဒ်မဖြစ်သည်။

Post a Comment

Previous Post Next Post