ငါးပိနှင့် တို့စရာတို့သည် ထမင်း၊ ဟင်း၊ ဟင်းချိုတို့နှင့်အတူ မြန်မာတို့၏ အစားအစာတွင် အခြေခံများ ဖြစ်ကြသည်။ ထမင်းကို ဟင်းနှင့်တွဲဖက်၍ မစားရစေကာမူ ငါးပိ၊ တို့စရာတို့နှင့် တွဲဖက်၍ မစားရလျှင် ပြည့်ပြည့်ဝဝ စားသောက်ရသည်ဟု မြန်မာတို့က မယူဆကြပေ။ အထူးသဖြင့် တောင်သူ လယ်သမားနှင့် အလုပ်ကြမ်းသမားတို့အဖို့ ငါးပိသည် အဓိက အဟာရပင်ဖြစ်သည်။ ငါးအစိုကို ဆားဖြင့် အထပ်ထပ် သိပ်ထားလျှင်သော်လည်းကောင်း၊ ငါး၊ ပုဇွန်၊ ကနန်းစသည်တို့ကို ဆားပက်နေလှန်း၍ ဆုံဖြင့်ထောင်းထားလျှင် သော်လည်းကောင်း ငါးပိဟု ခေါ်လေသည်။ ငါးပိကို မြန်မာတို့သာမက ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့် အရှေ့တောင် အာရှနိုင်ငံများတွင်လည်း စားသုံးတတ်ကြသည်။ ငါးပိကို ထိုင်း – ခမာ ဘာသာဖြင့် ကပိ (กะปิ) ဟူ၍ ခေါ်သည်။ မလေးဘာသာဖြင့် ဘယ်လချန် (belachan)၊ အင်ဒိုနီးရှားဘာသာဖြင့် တယ်ရာစီ(terasi) ဟုခေါ်သည်။ ထိုင်းငါးပိလုပ်နည်းနှင့် မွန်မြန်မာ ငါးပိလုပ်နည်းမှာ အတူတူပင်ဖြစ်သည်။
ငါးပိတွင် ရေ၊ ပရိုတင်းနှင့် တွင်းထွက် သတ္တုဓာတ် များ ပါရှိသည်။ တွင်းထွက်သတ္တုဓာတ်များအနက် ဆားအပြင် ကယ်လဆီယမ်နှင့် ဖော့စဖောရပ်ခေါ် ဒြပ်စင်များလည်းပါသည်။ ထိုပြင် သွေးကောင်းရန်အတွက် သံဓာတ်လည်း ပါသည်။ ငါးပိတွင် ရေရာခိုင်နှုန်း ၄ဝ မှ ၅ဝ အထိ၊ ပရိုတင်းရာခိုင်နှုန်း ၂ဝ မှ ၃ဝ ထိ၊ အဆီရာခိုင်နှုန်း ၃ မှ ၄ အထိ ပါဝင်သည်။ စိမ်းစားနှင့် မျှင်ငါးပိတွင် ဆားရာခိုင်နှုန်း ၁ဝ မှ ၂၅၊ ရေကျို ငါးပိ၊ ဒမင်းငါးပိနှင့် ငါးပိကောင်များတွင် ဆားရာခိုင်နှုန်း ၂ဝ မှ ၃ဝ အထိ ပါဝင်ကြသည်။
အသားနှင့် အဆီများပါသော ကြောင့် ငါးပိသည် အခြားအသားများကဲ့သို့ အပူဓာတ်ကို ပေးသည်။ ငါးပိအမျိုးအစားကိုလိုက်၍ ငါးပိတစ်အောင်စလျှင် အပူဓာတ် ၃၁ ကယ်လိုရီမှ ၄၈ ကယ်လိုရီအထိ ပေးနိုင်သည်။ ဤအချက်တွင် ငါးပိသည် အမဲသား၊ ဆိတ်သားနှင့် ဝက်သားလောက်ပင် အာဟာရတန်ဖိုးရှိသည်။ငါးပိတွင် ကယ်လဆီယမ်ဒြပ်စင်သည် ၁ ဒသမ ၅ မှ ၂ ဒသမ ၅ ရာခိုင်နှုန်း အထိပါသည်။ ဖော့စဖောရပ်မှာမူ ဝ ဒသမ ၇၅ မှ ၁ ဒသမ ၂၅ ရာခိုင်နှုန်းအထိ ပါသည်။

ငါးပိ များများစားရန် လိုသည်။ လူ့ခန္ဓာကိုယ်သည် ကယ်လဆီယမ်ဓာတ် လုံလောက်စွာ မရလျှင် ရောဂါအမျိုးမျိုး စွဲကပ်တတ်သည်။ လူကြီးတစ်ယောက်လျှင်တစ်နေ့လျှင် ကယ်လဆီယမ် ဝ ဒသမ ၆၈ ဂရမ် လောက် လိုသည်။ကျွန်ုပ်တို့သည် ငါးပိကို နေ့စဉ် စားပေးခြင်း အားဖြင့် ခန္ဓာကိုယ်ကလိုအပ်သည့် ကယ်လဆီယမ်ဓာတ်ကို ပေါပေါနှင့် ဖြည့်စွက်ပေးနိုင်သည်။ ကယ်လဆီယမ်နှင့် ဖော့စဖောရပ် နှစ်မျိုးစလုံးပင် ခန္ဓာကိုယ်ရှိ အရိုးများကို ခိုင်မာ စေသည်။ ထိုဓာတ်နှစ်မျိုးကို ခန္ဓာကိုယ်က လုံလောက်စွာ မရသော် ရစ်ကက်ရောဂါ စွဲကပ်တတ်သည်။
လူကြီးတိုင်းနေ့စဉ် ဖော့စဖောရပ် ၁ ဂရမ်လောက်လိုသည်။ ငါးပိတွင် ကယ်လဆီယမ် ၂ ဆပါလျှင် ဖော့စဖောရပ် ၁ ဆ နှင့် ဖော့စဖောရပ် ၂ ဆပါမှသာ အာဟာရ လုံလောက်သည်။ ကံအားလျော်စွာ ကျွန်ုပ်တို့ နေ့စဉ် စားသုံးနေသောဆန်တွင် ဖော့စဖောရပ်သည် ကယ်လဆီယမ်ထက်ပို၍ ပါသည်။ စက်ကြိတ်ဆန်၏ ကယ်လဆီယမ် နှုန်းမှာ ဝ ဒသမ ဝ၁ ရာခိုင် နှုန်းဖြစ်၍ ဖော့စဖောရပ်နှုန်းမှာ ဝ ဒသမ ၁၅ ရာခိုင်နှုန်း ဖြစ်ရာ ငါးပိနှင့် ထမင်းစားခြင်းသည် အာဟာရဖြစ်စေသည်။
ပင်လယ်တွင် နေထိုင်သော ရေလုပ်သားများသည် မိမိတို့ ပြုလုပ်ထားသော ငါးပိများကို စဉ့်အိုးများဖြင့် သိုလှောင်တတ်ကြသည်။ ၎င်းငါးပိအိုးများသည် ပင်လယ်ကမ်းခြေ၏ မည်သည့်နေရာတွင် ရှိနေပစေ၊ ရေထရက်များတွင် ငါးပိအိုးမှ ငါးပိရည်များ လျှံထွက်ပြီး၊ ရေသေရက်များတွင် ငါးပိရည်များ ခမ်းခြောက်သွားတတ်သော စိတ်ဝင်စားစရာကောင်းသော ဖြစ်စဉ် ရှိသည်။ ရေထရက်များအတွင်း ငါးပိအိုးမှ ငါးပိရည်များကို ကုန်စင်အောင် ခပ်ထုတ်လိုက်သော်လည်း နောက်တရက်၌ ပြည့်လျက် ပြန်တွေ့ရသည်။ ခပ်ထုတ်ခြင်း မပြုဘဲ ထားကြည့်ပါက ရေသေရက်များသို့ ရောက်သော် အလိုလို ခမ်းခြောက်သည်။


#Wikipedia

Post a Comment

Previous Post Next Post