Lancet ကျန်းမာရေးဂျာနယ်ရဲ့ဖော်ပြချက်အရ Covid-19 ရောဂါပိုးဟာ လူ့ခန္ဓာကိုယ်အတွင်းက အသက်ရှူလမ်းကြောင်းထဲမှာ သီတင်းပတ်ငါးပတ်ကျော်ကြာသည်အထိရှင်သန်နေနိုင်ကာ လတ်တလောအသုံးပြုနေတဲ့ ကုထုံးတွေဟာ ရောဂါပိုးရဲ့ သက်တမ်းကို မလျော့သွားစေဘူးလို့ဆိုပါတယ်။ ကံကောင်းတာကတော့ ယခုလေ့လာတွေ့ရှိမှုဟာ ကူးစက်ခံရတဲ့လူနာတိုင်းမှာ တွေ့ရတာမဟုတ်ပဲ တချို့တဝက်မှာသာ တွေ့ရှိရခြင်းဖြစ်ပါတယ်။

ယခုလေ့လာမှုကို ဆရာဝန် ၁၉ဦးမှ တရုတ်နိုင်ငံအတွင်းက Covid-19 ကူးစက်လူနာ ၁၉၁ဦရဲ့ရောဂါအခြေအနေကို မူတည်ပြီးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၎င်း ၁၉၁ ဦးထဲမှ ၁၃၇ ဦးဟာ ရောဂါပျောက်ကင်းပြီးဆေးရုံဆင်းခွင့်ရရှိခဲ့ပေမယ့် ၅၄ ဦးကတော့ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

အတိအကျဖော်ပြရမယ်ဆိုလျှင်ဖြင့် ပုံမှန်ရောဂါအခြေအနေပြပြီး ဆေးရုံရောက်ရှိလာတဲ့လူနာရဲ့ ကိုယ်ထဲမှာ ရောဂါပိုးဟာ ၁၉ ရက်ကြာအသက်ရှင်နေနိုင်ပြီး အပြင်းအထန်ဝေဒနာခံစားနေရတဲ့လူနာတွေမှာတော့ ပျမ်းမျှ ၂၄ရက်လောက်အထိ တည်ရှိနေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခြုံငုံသုံးသပ်ရမယ်ဆိုလျှင် ရောဂါပိုးဟာ ကူးစက်ခံလူနာရဲ့ ခန္ဓာကိုယ်ထဲမှာ ရက် ၂၀ လောက်တော့ ရှိကိုရှိနေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ရောဂါပိုးအသက်ရှင်နေထိုင်မှု အတိုဆုံးကာလတစ်ခုကိုလည်း လေ့လာတွေ့ရှိခဲ့ရပါတယ်။
လူနာဟာ ရောဂါအခံမရှိဘူး ကိုယ်ခံအားစနစ်လည်း လွန်စွာကောင်းမွန်တယ်ဆိုရင်တောင် အနည်းဆုံး ၈ရက်တော့ တည်ရှိနေနိုင်ပါတယ်တဲ့။ ထို့အတူ အသက်အရွယ်ကြီးရင့်သူတွေထံမှာတော့ ၃၇ လောက်အထိ ရောဂါပိုးဟာ ရှင်သန်နေနိုင်တာကိုလည်း တွေ့ခဲ့ရပါတယ်။

ယခုထုတ်ပြန်ချက်ဟာ နိုင်ငံအနှံ့အပြားမှာ အသုံးပြုနေတဲ့ ၁၄ ရက်စောင့်ကြည့်ခြင်းလုပ်ငန်းဟာ တကယ်တော့ လုံလောက်တဲ့စောင့်ကြည့်ချိန်မဟုတ်ဘူးဆိုတာ မီးမောင်းထိုးပြလိုက်ခြင်းပဲဖြစ်ပါတယ်။ အမေရိကန်လိုနိုင်ငံမှာတောင် အစိုးရက ရောဂါပိုးပျံ့ပွားရာနေရာကို သွားလာခဲ့ဘူးသူ သို့မဟုတ် ဝေဒနာရှင်နဲ့ ထိတွေ့ဖူးသူတွေကို ၁၄ ရက်သာ စောင့်ကြည့်တာကိုတွေ့နေရပါတယ်။ တကယ်တော့ ယခုတွေ့ရှိချက်နဲ့ပတ်သတ်ပြီး နိုင်ငံတော်တော်များများက ကျန်းမာရေးအကြီးအကဲတွေ တိုင်ပင်ဖို့ အချိန်ရောက်နေပါပြီ။

ဒါ့အပြင် ယခုသတင်းကို ကူးယူဖော်ပြတဲ့ CBS သတင်းအယ်ဒီတာကလည်း လေ့လာတွေ့ရှိမှုဟာ ကူးစက်ခံလူနာတစ်ယောက်ဟာ ရက်ဘယ်လောက်ကြာကြာ ရောဂါပိုးဖြန့်ဝေနေနိုင်လဲဆိုတာကို အချက်အလက်နဲ့တကွ အသိပေးလိုတာကြောင့်ပါလို့ ပြောခဲ့ပါသေးတယ်။ ဒါ့အပြင် ယခုသတင်းကို ဖော်ပြခြင်းဟာ ပြည်သူတွေထိတ်လန့်စေမှာကိုစိုးရိမ်သော်လည်း အချိန်မလွန်ခင် ရောဂါရဲ့သဘောသဘာ၀ ကိုနားလည်သိရှိပြီး ရှောင်ရှားနိုင်ရန်သာ ရည်ရွယ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source- CBS

Post a Comment

Previous Post Next Post