COVID-19 ကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ၅ သန်းလောက်ရှိနေပြီး ထိပ်တန်းသူဌေးကြီးတွေ ပါဝင်ဒါန်းထောက်ပံ့ကြဖို့ ဝန်ကြီးချုပ်က ဖိတ်ခေါ်လိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ COVID-19 ပြင်းထန်အဆုတ်ရောင်ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ ထိုင်းအစိုးရက တနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ် အခြေအနေရော ကာဖျူးညမထွက်ရ အမိန့်တွေပါ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ အမိန့်ကြေညာချက်တွေကြောင့် ၁ လအတွင်းမှာ COVID-19 ကူးစက်မှုနှုန်း တဖြည်းဖြည်း လျော့နည်းလာပေမယ့်လည်း တဖက်ကတော့ ကုန်တိုက်တွေ၊ ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ၊ ဖျော်ဖြေရေး၊ အားကစား၊ ဟိုတယ်၊ အလှပြင်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ အထည်ဆိုင်၊ သယ်ယူပို့ဆောင်ရေး အစရှိတဲ့ လုပ်ငန်းတွေ ပိတ်ထားရလို့ အဲဒီက အလုပ်သမား လက်လုပ်လက်စား လုပ်သားပြည်သူအများအပြား အလုပ်လက်မဲ့ဘဝ ရောက်ခဲ့ရပါတယ်။

ထိုင်းအမျိုးသားစာရင်းအင်းဌာန Thai National Statistiical Office ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံမှာ ထိုင်းလူမျိုးရော၊ နိုင်ငံခြားသား အလုပ်သမားတွေပါ စုစုပေါင်း အလုပ်သမား ၃၇ သန်းရှိပြီး အဲဒီထဲမှာ ၃၁ ရာခိုင်နှုန်း (၁၁ ဒသမ ၇ သန်း) က လူမှုဖူလှုံရေးအာမခံရှိသူတွေ၊ ၃၁ ရာခိုင်နှုန်း (၁၁ ဒသမ ၅ သန်း)က စိုက်ပျိုးရေးလုပ်ကိုင်သူတွေ ၁၀ ရာခိုင်နှုန်း (၃ ဒသမ ၉ သန်း) က ကိုယ်ပိုင်အလုပ်လုပ်သူ ၄ ရာခိုင်နှုန်း (၈ ဒသမ ၉ သန်း) မှာ တခြားလုပ်ငန်း လုပ်ကိုင်သူတွေလို့ ဆိုပါတယ်။

အဲဒီထဲက COVID-19 အခြေအနေကြောင့် အလုပ်လက်မဲ့ဖြစ်ရသူ ဦးရေ ၅ သန်းလောက် ရှိမယ်လို့ ခန့်မှန်းရကြောင်း၊ အဆိုပါ အလုပ်လက်မဲ့တွေဟာ စားသောက်ဆိုင်နဲ့ ဟိုတယ်လုပ်ငန်း၊ ဖျော်ဖြေရေး၊ အပန်းဖြေနေရာ၊ ကုန်စည်ပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ တနိုင်တပိုင်လုပန်ငန်း၊ အိမ်ခြံမြေရောင်းဝယ်သမားတွေ ပါဝင်တယ်လို့ Thai National Statistiical Office ဝက်ပ်ဆိုက်မှာ ဖော်ပြပါတယ်။

ကိုဗစ် အရေးပေါ်ထုတ်ပြန်ချက်တွေကြောင့် အလုပ်လက်မဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်တဲ့ ထိုင်းနိုင်ငံသားတွေကို အစိုးရက လူတဦးလျှင် ဘတ် ၅ ထောင်စီ ၃ လစာ ထောက်ပံ့မယ်လို့ ကြေညာခဲ့ပါတယ်။

ထောက်ပံ့ကြေးလျှောက်လွှာကို ၂၀၂၀ မတ်လ ၂၈ ရက်နေ့က စတင်လက်ခံရာမှာ ဧပြီလ ၁၈ ရက်ထိ လျှောက်ထားသူပေါင်း ၂၇ သန်းရှိခဲ့ပါတယ်။

ဒါပေမဲ့ ပထမအသုတ်မှာတင် လျှောက်လွှာစည်းကမ်းနဲ့ ဘောင်မဝင်သူပေါင်း ၄ ဒသမ ၇၈ သန်းရှိတယ်လို့ ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

လျှောက်ထားသူဟာ လူမှုဖူလှုံရေးသင်း ဝင်ထားသူ၊ ဥယျာဉ်လယ်ယာရှိသူ၊ လယ်ယာ စိုက်ပျိုးရေးသမားတွေ၊ ဆောက်လုပ်ရေး အလုပ်သမားတွေ၊ လုပ်ငန်းရှင်တွေ၊ ကျောင်းသူ ကျောင်းသားတွေဆိုရင် ထောက်ပံ့ကြေးရမှာမဟုတ်သလို အင်တာနက်ကနေ လျှောက်ထားရတာကြောင့် အင်တာနက် မသုံးတတ်သူတွေ၊ ဘဏ်စာအုပ်မဖွင့်ထားသူ အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့ငွေရဖို့ အခက်အခဲ ဖြစ်နေရပါတယ်။

ဒါကြောင့် ရွှေဆိုင်မှာ ရွှေဟောင်းရောင်းချသူတွေ တန်းစီနေပြီး အပေါင်ဆိုင်တွေမှာလည်း လူစည်ကားနေကြောင်း၊ ထမင်းထုပ်နဲ့ ငွေတွေလိုက်ဝေနေတဲ့ စေတနာ ရှင်တွေလည်း ကြိုကြားပေါ်ပေါက်လာပြီး တဦးနဲ့ တဦး တလံကွာ ခပ်ခွာခွာနေရမယ့် သတိပေးချက်ကို သတိမမူနိုင်တော့ဘဲ တိုးကြိတ်ယူငင်နေမှုတွေလည်း ရှိနေတယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။

ဒီကြားထဲမှာ စီးပွားရေး အဆင်မပြေလို့ အိမ်တွင်းရေးပြဿနာတွေ၊ မိမိကိုယ်မိမိ သေကြောင်းကြံတဲ့သူတွေလည်း ရှိလာပါတယ်။

ထိုင်းမှာ COVID-19 ကူးစက်မှုလျော့လာပေမယ့် စိတ်ချရတဲ့အခြေအနေမှာမရှိသေးဘဲ ပြန်လည်နာလန်ထူဖို့ရာလည်း အချိန်တွေထပ်ပေးရဦးမယ်လို့ COVID-19 ထိန်းချုပ်ကာကွယ်ရေး ကော်မတီပြောခွင့်ရ ဒေါက်တာထဝီးဆင် ဝိစနုယိုးထင်းက ပြောပါတယ်။

လုပ်သားပြည်သူတွေ ထောက်ပံ့ကူညီမှုရရေးအတွက် ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားက နိုင်ငံတွင်းရှိ ထိပ်တန်းသူဌေးသူကြွယ် ၂၀ ဦးအနေနဲ့ ပူးပေါင်းပါဝင်လှူဒါန်းကြဖို့ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက် ညနေပိုင်း ပြည်သူလူထုအတွက် မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ဖိတ်ခေါ်သွားပါတယ်။

ဝန်ကြီးချုပ်က ထိုင်းနိုင်ငံ COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် အဘက်ဘက်က စွမ်းဆောင်နေသူအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ လက်ရှိအခြေအနေမှာ အချိန်သူဌေးသူကြွယ်တွေလည်း လှူဒါန်းပေးကမ်းနေတာတွေရှိနေပြီး အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက်ပြီး မိမိတိုင်းပြည်နဲ့လူမျိုးကို မိမိရဲ့ အတွေ့အကြုံ အရည်အချင်းတွေနဲ့ ကာကွယ်ထောက်ပံ့ဖို့၊ အထူးသဖြင့် စားနပ်ရိက္ခာနဲ့ ကုသရေးဆေးဝါး ကိရိယာတွေ ထောက်ပံ့ပေးဖို့ လိုလားကြောင်း ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။

မကြာခင်ရက်ပိုင်းအတွင်းမှာပဲ အဆိုပါထိပ်တန်း ၂၀ ဦးစာရင်းဝင် သူဌေးသူကြွယ်တွေဆီကို စာပို့ပြီး တိုင်းပြည်ကို ပူးပေါင်းကယ်တင်ရေး လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်သွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းသူဌေးသူကြွယ် ၂၀ ဦး စာရင်းဝင်သူတွေမှာ ဘတ်ငွေ သန်းပေါင်းသိန်းသောင်းချီ ချမ်းသာကြပြီး စင်ထရယ်ကုန်တိုက်ပိုင်ရှင်တွေ၊ ကင်းပါဝါကုမ္ပဏီပိုင်ရှင်၊ ဘဏ်တိုက်လုပ်ငန်းရှင်၊ စက်ရုံ အလုပ်ရုံပိုင်ရှင် တယ်လီဖုန်းကုပ္ပဏီပိုင်ရှင်၊ အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းရှင်၊ စီပီကုပ္ပဏီနဲ့ ယခင် ဝန်ကြီးချုပ်ဟောင်း ထပ်ဆင်ရှင်နာဝပ်လည်း ပါဝင်ပါတယ်။

ထပ်ဆင်ရှင်နာဝပ်မှာ ဘတ်သန်းပေါင်း ၆ သောင်းနဲ့ ၄ ရာ ချမ်းသာပြီး သူဌေးသူကြွယ် ၂၀ ထဲက အမှတ် ၁၆ ချမ်းသာသူစာရင်းထဲ ပါဝင်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ပရယုတ်ကျန်အိုးချားအနေနဲ့ ပြည်ပြေးဘဝရောက်နေရသူ ယခင်ဝန်ကြီးချုပ်ဟောင်း ထပ်ဆင်ရှီနာဝပ်ကို တိုင်းပြည်ကယ်တင်ရေးအတွက် လာပူးပေါင်းဖို့ ကမ်းလှမ်းလိုက်မယ်ဆိုရင် ဒါဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် အလားအလာကောင်း ဖြစ်တယ်လို့ ထပ်ဆင်ကို ထောက်ခံတဲ့သူတွေက မျှော်လင့်နေကြပါတယ်။

ဒါပေမဲ့ အစိုးရ အိမ်တော်ပြောရေးဆိုခွင့်ရှိသူကတော့ တိုင်းပြည်ကို ထောက်ပံ့ကူညီဖို့ ကမ်းလှမ်းမယ့် သူဌေးသူကြွယ် ၂၀ ဦးစာရင်းတွေ လက်ထဲမှာ ရှိနေပြီး ထပ်ဆင်ရှင်နာဝပ်တော့ မပါဝင်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

မကြာသေးခင်က ပါတီဖျက်သိမ်းခံခဲ့ရတဲ့ Future Forward Party ခေါင်းဆောင် ထနားထွဏ်းရဲ့ မိခင် နန်းဆုမ်ဖွန်း ကျင်ရုန်းရိန်းကစ်ကတော့ ဝန်ကြီးချုပ်ဖိတ်ခေါ်မယ့် စာရင်းထဲ ပါဝင်တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

နန်းဆုမ်ဖွန်း ကျင်ရုန့်ရိန်းကစ်မှာ မော်တော်ကားအပိုပစ္စည်း ထုတ်လုပ်ရောင်းချတဲ့ စက်ရုံပိုင်ရှင်ဖြစ်ပြီး ဘတ်သန်းပေါင်း သောင်းနဲ့ချီချမ်းသာသူလည်း ဖြစ်ပါတယ်။

အဆိုပါ သူဌေးသူကြွယ်တွေနဲ့ ဝန်ကြီးချုပ်တို့ ဘယ်နေ့ ဘယ်နေရာမှာ တွေ့ဆုံဆွေးနွေးကြမယ် ဆိုတာတော့ သတင်းတွေ မထွက်ပေါ်သေးပါဘူး။

ထိုင်းနိုင်ငံ COVID-19 အခြေအနေနဲ့ပတ်သက်ပြီး ဒီကနေ့ ဧပြီလ ၂၀ ရက် ထုတ်ပြန်ချက်အရ နောက်ထပ် ကူးစက်ခံရသူ လူနာသစ် ၂၇ ဦး၊ ကူးစက်ခံရသူ စုစုပေါင်း ၂၇၉၂ ဦး၊ ဆေးရုံမှာ တက်ရောက်ကုသနေသူ ၇၄၆ ဦး၊ သက်သာပျောက်ကင်းသူ ၁၉၉၉ ဦး၊ သေဆုံးသူ ၄၇ ဦး ရှိတယ်လို့ သိရပါတယ်။

Post a Comment

Previous Post Next Post