မုံရွာ နန္ဒဝန်အိမ်ရာရှိ စောင့်ကြည့်နိုင်ငံခြားပြန်များအား မြို့တွင်း ဒေါနခြံရပ်ကွက်ရှိ ယာယီ ဆေးရုံသို့ တိုင်းအစိုးရညွန်ကြားချက်ဖြင့် ယနေ့ရွှေ့ပြောင်းရာ COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များက လက်မခံခဲ့ကြောင်း သတင်းရရှိသည်။

"လူတိုင်းပြန်ချင်ကြတယ်၊တာဝန်သိစိတ်နဲ့ အမျိုးသားကျန်းမာရေးအရ လာနေကြတယ်၊အဲဒါကိုမှ တိရိစ္ဆာန်လို ခြင်းထဲကကြက်ကလေးတွေလို ကိုယ်နာမည်ရရေးအတွက် တိုင်းအစိုးရကို တက်ပြော၊ကတ်ဘိနက်အစည်းအဝေးတက်ပြော၊တိုင်းအစိုးရက ဒီမှာလုပ်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ခေါ်ယူမေးမြန်းပြောဆိုခြင်းမရှိဘဲ သူတို့သဘောအရလုပ်တာကို လက်မခံပါဘူး" ဟု ကော်မတီဝင် ကိုနေဦးကပြောသည်။

နန္ဒဝန် အိမ်ရာ သည် ဝန်ထမ်းအိမ်ရာဖြစ်ပြီး လူနာများထားရန် သီးသန့် အစီအစဉ်များမရှိ၍ ယင်းကဲ့သို့ရွှေ့ပြောင်းရခြင်းဖြစ်ကြောင်း Covid-19ကာကွယ်ထိန်းချူပ်ကုသရေးတိုင်းကော်မတီ ဥက္ကဌလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းကပြောသည်။

"အဲဒီမှာက မဖြစ်လို့သာထားရတာ လူနာတွေအတွက်ရေချိုးခန်း၊အိမ်သာကစ သီးသန့်မရှိဘူး။ဟု ၎င်းကပြောသည်။စောင့်ကြည့် နိုင်ငံခြားပြန်များကို မတ်လ၂၃ရက်ကတည်းက နန္ဒဝန်အိမ်ရာတွင် စတင်ထားရှိနေခြင်းဖြစ်သည်။

"အဲဒီမှာ(ယာယီဆေးရုံ) ကသံသယလူနာထားမယ်ကြားတာ၊ကျွန်တော်တို့က လူနာလည်း မဟုတ်တဲ့အပြင် ရောဂါလက္ခဏာလည်းမရှိဘူး၊ဒီမှာကျတော့ အစစအရာရာဂရုစိုက်တယ်။ကျန်းမာရေးဝန်ထမ်းတွေရော အရပ်ဖက်တွေရောက လိုလေသေးမရှိဘူးထားတယ်၊ဒါကြောင့် ကြိုက်တဲ့နည်းနဲ့ရွေ့ခိုင်းမရွေ့နိုင်ပါဘူး၊ရွေ့ခိုင်းရင်ကိုယ့်အိမ်ကိုယ်ပြန်နေမှာပါ၊"ဟု စောင့်ကြည့်၁၄ရက်နေထိုင်နေသော ရန်ကင်းရပ်မှ ကိုထိုက်ထိုက်ဝင်းကပြောသည်။

ရွှေ့ပြောင်းမည့် ယာယီဆေးရုံသည် ကွန်တိန်နာဘောက်များဖြင့်တည်ဆောက်ထားပြီး ဆေးရုံကြီးနှင့်လည်းနီးသည်။

#MonywaGazette #Covid19 #မုံရွာ
အိဖြိုး-မုံရွာ ၊ ဧပြီ , ၃

Post a Comment

Previous Post Next Post