ရာထူးကနေ အနားယူပြီး နောက်ပိုင်း မိသားစုနဲ့ အချိန်ကုန် ဖြတ်သန်းတော့ဖို့ မျှော်လင့်ထားတဲ့ ဒေါက်တာ ပီတာခင်ထွန်းဟာ တစ်ကမ္ဘာလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါ ဖြစ်ပွားချိန်မှာ ကူးစက်မှု အန္တရာယ်ကြား သူ့လူနာတွေကို ကုသပေးရင်း ကိုဗစ်ရောဂါနဲ့ ဧပြီ ဒုတိယပတ်ထဲမှာ သေဆုံးခဲ့ပါတယ်။သူဟာ ဗြိတိန်နိုင်ငံ ရက်ဒင်းမြို့ Royal Berkshire ဆေးရုံက နာလန်ထလူနာတွေကို ပြန်လည်သန်စွမ်းမှုလေ့ကျင့်ရေး အထူးပြုကုသတဲ့ ဆရာဝန်ကြီး တစ်ဦးပါ။သူကုပေးရတဲ့ လူနာတွေက လေဖြတ်တာတို့၊ ထိခိုက်ဒဏ်ရာရတာတို့လိုကနေ ပြန်လည်သန်စွမ်းဖို့ လုပ်နေတဲ့ နာလန်ထလူနာတွေ ဖြစ်ပြီး ဆေးရုံတက် ကုရသူတွေရော ပြင်ပလူနာတွေပါ ပါပါတယ်။

ယူကေမှာ ကိုရိုနာဗိုင်းရပ်စ် ဇန်နဝါရီ အကုန်ပိုင်းက စတွေ့ရပေမယ့် နိုင်ငံတွင်း ကူးစက်မှုတွေက ဖေဖော်ဝါရီ အကုန်ပိုင်းလောက်မှာ စခဲ့ပါတယ်။ဒီလိုနဲ့ ဒေါက်တာပီတာခင်ထွန်း ကုသပေးနေရတဲ့ အဆောင်ဝါ့ဒ်ထဲက လူနာလေး ငါးယောက်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိလာပါတယ်။ ဒီလူတွေကို ပိုးစစ်၊ အဖြေစောင့်နေချိန်မှာ သူတို့ဆေးရုံ အထူးကြပ်မတ်ကုသရေးဌာနမှာ နှာခေါင်းစည်းတွေ မလုံလောက်တော့လို့ သူတို့ဌာနမှာ ရှိနေတဲ့ နှာခေါင်းစည်းတွေကို ပေးလိုက်ရပါတယ်။ ဒါကြောင့် အတွင်းလူနာရော အပြင်လူနာပါ ကုသပေးရသူ သူတို့အတွက် ကူးစက်မှု အန္တရာယ်ကြားကပဲ သာမန်ဆေးရုံသုံး နှာခေါင်းစည်းတောင် မရှိတော့ဘဲ တစ်ပတ်လောက် ကုသပေးခဲ့ရပါတယ်။သူက ဆေးရုံမန်နေဂျာကို ဒီအကြောင်း အီးမေးလ်ပို့ ပြောခဲ့သေးပေမဲ့ ကိုဗစ်ဖြစ်တာ သေချာရင် ပြန်ပေးပါ့မယ်လို့သာ အကြောင်းပြန်ခဲ့လို့ သူက ဒါဆို သိပ်နောက်ကျသွားမယ်လို့ ပြန်ပြောခဲ့ပါသေးတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒါပေမဲ့ သူ့ဝါ့ဒ်ထဲက လူနာ လေးယောက်၊ငါးယောက် ကိုဗစ် ပေါ့စတစ် ဖြစ်ခဲ့လို့ သူပြောခဲ့သလို တကယ် နောက်ကျခဲ့ပါတယ်။သူ့လုပ်ဖော်ကိုင်ဖက် ဆရာဝန်တစ်ယောက်နဲ့ သူ နေမကောင်းဖြစ်တော့ နှစ်ယောက်စလုံး စစ်ဆေးကြည့်တဲ့အခါ နှစ်ယောက်စလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရပါတယ်။ကိုဗစ်ဖြစ်တဲ့ သူ့လူနာတစ်ယောက်ကလည်းဆုံးသွားတယ်လို့ သိရတဲ့ အကြောင်း ဒေါက်တာပီတာခင်ထွန်းရဲ့ ညီ ဒေါက်တာရဲမြင့်က ဘီဘီစီကို ပြောပါတယ်။

သူဘယ်လို ကူးစက်ခဲ့သလဲ

“ကိုဗစ်ဖြစ်ပြီးမှ ရောဂါရဖို့ များတာကတော့ သူ့ဝါ့ဒ်ထဲမှာ လူနာ လေးယောက်၊ ငါးယောက် ကိုဗစ် ပေါ့စတစ် ဖြစ်တယ်”လို့ ယူကေမှာပဲ တာဝန်ထမ်းဆောင်နေတဲ့ မေ့ဆေးနဲ့ အထူးကြပ်မတ်ကုသရေး အထူးပြု ဆရာဝန်ကြီး ဒေါက်တာရဲမြင့်က ပြောပါတယ်။
အဲဒီလို သိရပြီးတဲ့နောက်မှာ ဒေါက်တာ ပီတာခင်ထွန်း အိမ်မှာပဲ တစ်ပတ်လောက် သီးခြားခွဲနေရင်း အဖျားတက်လိုက်၊ ကျလိုက် ဖြစ်နေခဲ့ပါတယ်။ အိမ်မှာနေချိန် သူ့ရဲ့ အထွေထွေကုဆရာဝန် (ဂျီပီ) ကို ဖုန်းနဲ့ ဆက်သွယ်ပြီး ဂျီပီပေးတဲ့ ဆေးနဲ့ ကုသနေခဲ့ပါတယ်။နောက် ရောဂါလက္ခဏာတွေပြ၊ ချောင်းပိုဆိုး၊ အဖျားမကျ ဖြစ်လာလို့ ဆေးရုံကို သွားစစ်ဆေးဖို့ လူနာတင်ကား ခေါ်ပြီး ဆေးရုံတက်ခဲ့ရပါတယ်။သူ့မှာ သွေးတိုးရှိတာကလွဲလို့ တခြားရောဂါတွေ မရှိပါဘူး။ဆေးရုံမှာ X-ray စစ်၊ အောက်ဆီဂျင် ပမာဏ စစ် တာတွေ လုပ်ပြီးချိန်မှာ အသက် ၆၂ နှစ် အရွယ်ရှိသူ ဖြစ်ပြီး အဆုတ်နှစ်ဖက်စလုံးကို ကုသပေးဖို့ လိုတာ တွေ့ရလို့ သူအလုပ်လုပ်တဲ့ ဆေးရုံရဲ့ အထူးကြပ်မတ် ကုသဆောင်ကို ပို့ခဲ့ပါတယ်။ဆေးရုံကို သူပထမဆုံး ရောက်တဲ့နေ့မှာ သတိရနေခဲ့ပါတယ်။ နောက်နေ့မှာ ပိုဆိုးလာလို့ မေ့ဆေးပေးပြီး အသက်ရှူစက် ventilator ပေါ်တင်လိုက် ရပါတယ်။“ပထမနှစ်ရက်မှာတော့ နည်းနည်းလေး တည်ငြိမ်တယ်။ နောက်ဆုံး မဆုံးခင်နှစ်ရက်မှာတော့ တော်တော့်ကို အခြေအနေ ဆိုးသွားပြီးတော့ multiorgan failure လို့ခေါ်တာပေါ့၊ အဲဒါကတော့ နှလုံး၊ အဆုတ်၊ ကျောက်ကပ်တွေပါ အကုန်အလုပ်မလုပ်တော့ဘူး” လို့ ညီဖြစ်သူ ဒေါက်တာ ရဲမြင့်က ပြောပါတယ်။

သူက ဆေးရုံမှာ လေးရက်လောက် ကုသမှု ခံယူပြီး ကွယ်လွန်ခဲ့ပါတယ်။

သူ့ကို ကုသပေးနေတုန်း ဆရာဝန်တွေက မိသားစုဆီကို တစ်နေ့နှစ်ခါ ဖုန်းဆက်ပြီး အကြောင်းကြားပါတယ်။ နောက် မိသားစုကို အသက်ရှူစက်ပေါ်တင်ထားတဲ့ သူ့အခြေအနေကို ဗီဒီယိုလေးတွေ ပြပါတယ်။သူ့ အသက်ကို ကယ်လို့ မရတော့ဘူးလို့ သေချာသွားချိန်မှာတော့ ဆရာဝန်တွေက သူ့သားတွေနဲ့ မိသားစုနဲ့ တိုင်ပင်ပြီးတော့ ကုသပေးနေတာတွေကို ရပ်လိုက်ပြီးတဲ့နောက် ဆုံးပါးသွားပါတယ်။လူနာဆုံးပါးတော့မယ်ဆိုတာ သေချာရင် မိသားစုတွေကို တိုင်ပင်ရှင်းပြပြီး အသက်ရှူစက်တွေကနေ ပြန်ဖြုတ် စတာတွေကို လုပ်တယ်လို့ ဒေါက်တာရဲမြင့်က ပြောပါတယ်။သူ နောက်ဆုံးအချိန် နီးကပ်လာချိန်မှာတော့ သားနှစ်ယောက်ကို ဆေးရုံက တစ်ကိုယ်ရေ အကာအကွယ်ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်စေပြီး သူ့ကို လာကြည့်ခွင့် ပေးခဲ့ပါတယ်။

ဘယ်လိုကုသပေးခဲ့သလဲ

သူ့ကို အသက်ရှူစက်ပေါ်တင်ထားချိန်မှာ “နေ့ဘက်မှာဆို မှောက်ပြီးတော့ ventilate လုပ်တယ်။ သာမန် နမိုးနီးယားတို့ဆိုရင် ပက်လက်ပဲ ventilate လုပ်လို့ရတယ်။ ကိုဗစ်မှာတော့ အထူးသဖြင့် ကျောကုန်းဘက်က အဆုတ်တွေမှာ ရေတွေဘာတွေ ဝပ်ပြီး အချွဲတွေက တော်တော်လေး အဲဒီမှာစုနေတယ်။အဲဒီတော့ အောက်ဆီဂျင်တွေဘာတွေ အဆုတ်ထဲမှာ ဝင်ပြီးတော့ သွေးထဲကို အောက်ဆီဂျင် ပိုရအောင်လို့ဆိုပြီးတော့ တော်တော်များများ ကိုဗစ်တွေကတော့ ကျွန်တော်တို့ ဆေးရုံမှာလည်း လုပ်တယ်၊ သူတို့ ဆေးရုံမှာလည်း လုပ်တယ်။ ဗိုက်ပေါ်မှာ မှောက်အိပ်ပြီးတော့ တစ်ရက်ကို ၁၆ နာရီလောက် မှောက်နေတယ်။ လေးနာရီ၊ ခြောက်နာရီလောက်ကတော့ ပက်လက်ပြန်လှန်တယ်။ အဲဒီမှာလိုအပ်တာတွေ လုပ်ရတာပေါ့။ ပထမနှစ်ရက်က သူအဲဒီလိုမျိုးနေရတယ်” လို့ သူ့ကို အသက်ရှူစက်ပေါ် တင်ထားတုန်းက အခြေအနေကို ဒေါက်တာရဲမြင့်က ရှင်းပြခဲ့ပါတယ်။

ဘယ်ဆေးတွေနဲ့ ကုသခဲ့သလဲ

“ယူကေ အစိုးရနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားထားတာကတော့ ဒီမှာ စမ်းသပ်နေတဲ့ ဆေးတွေတော့ ရှိတယ်။ ဥပမာ ငှက်ဖျားအတွက် ဟိုင်ဒရောက်ဆီကလိုရိုကွင်း hydroxychloroquine ဆိုတာ ရှိတယ်။ နောက် ရိုးရိုး ဘက်တီးရီးယား နမိုးနီးယားမှာ သုံးတဲ့ Azithromycin ဆိုတဲ့ ဆေးပြားတွေလည်း ရှိတယ်” လို့ ဒေါက်တာရဲမြင့်က ပြောပါတယ်။

အခကြျအပွုတျဝါသနာပါသူ
“အဲဒါမျိုးတွေကို သုံးရင် ဆေးရုံမှာ သုတေသနလုပ်တဲ့ထဲမှာ ပါတယ်ဆိုရင်တော့ သုံး။ နို့မို့ဆို မသုံးပါနဲ့လို့ ညွှန်ကြားထားတယ်” လို့ ဆိုပါတယ်။သူ့ကို ဂျီပီက ဒီဆေးတွေ ပေးခဲ့ပေမယ့် ဆုံးပါးသွားခဲ့ပါတယ်။

ယူကေမှာ ကိုဗစ်-၁၉ လူနာကို ဘယ်အချိန်မှာ ဆေးရုံတက်ခိုင်းသလဲ

ဒေါက်တာ ပီတာခင်ထွန်းဟာ အိမ်မှာ တစ်ပတ်လောက်နေခဲ့ပြီးမှ ဆေးရုံတက်ခဲ့တာပါ။ ရောဂါလက္ခဏာတွေ ပြခဲ့ပေမဲ့ အခြေအနေပိုဆိုးလာမှသာ ဆေးရုံက လက်ခံပါတယ်။ ဆေးရုံမတက်ခင် အရေးပေါ်လူနာတင်ကားက အရင်လာစစ်ပါတယ်။“Ambulance က သွားကြည့်ရင်လည်း နှလုံးခုန်နှုန်း၊ အောက်ဆီဂျင်လယ်ဗယ်၊ အသက်ရှူနှုန်း စတာတွေကို စစ်ဆေးတယ်။ ဒါတွေကောင်းနေရင် ဆေးရုံကို မခေါ်ဘူး။ သူတို့မှာ ဂိုက်လိုင်းတွေ ရှိတယ်။ သူတို့က တော်တော်လေး ဆိုးလာမှ အောက်ဆီဂျင်ပေးဖို့လိုတယ်။ လူနာက Risk Factor တွေ ရှိနေတယ်။ တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာတယ်ဆိုရင်တော့ ဆေးရုံကို Ambulance က transfer လုပ်တယ်။

Transfer လုပ်ပြီးတာတောင်မှ အရေးပေါ်ဌာနမှာ ပြန်စစ်ဆေးတယ်။ အဲဒီမှာ သိပ်မဆိုးဘူးဆိုရင် ပြန်လွှတ်ပြန်တယ်။ အဲဒီတော့ စောစောသွားလည်း သူတို့က တင်မှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ထောင်နဲ့ချီပြီးတော့ ရပ်ကွက်ထဲမှာ ဖြစ်နေတော့ သူတို့က အတော်လေး ဆိုးတဲ့လူလောက်ပဲ ဆေးရုံတင်နိုင်တယ်” လို့ ဒေါက်တာရဲမြင့်က ပြောပါတယ်။

ယူကေ၊ နှာခေါင်းစည်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေဘဝ

သူ အိမ်မှာ တစ်ပတ်နားနေတုန်း ညီဖြစ်သူနဲ့ နေ့တိုင်းဖုန်းဆက်ချိန်မှာ သူတို့ဌာနမှာ ကူးစက်ခံရသူ ရှိတာ အတည်ပြုပြီးနောက် နှာခေါင်းစည်းတွေ ပြန်ရလာတာကို သိရကြောင်း၊ ဒါပေမဲ့ Surgical Mask နှာခေါင်းစည်းတွေ တပ်တဲ့ လူငယ်ဆရာဝန်တွေကို ဆေးရုံတက်နေတဲ့ လူနာတွေနဲ့ မိသားစုတွေ စိုးရိမ်စိတ်များမှာ စိုးလို့ မတပ်ဖို့ ဆေးရုံက မန်နေဂျာတချို့က ပြောတဲ့အကြောင်းလည်း ညီဖြစ်သူက ပြန်ပြောပြပါတယ်။ဒါပေမဲ့ အင်္ဂလန် ပြည်သူ့ကျန်းမာရေး လမ်းညွှန်တွေက လိုအပ်ရင် လိုအပ်သလိုတော့ ပြောင်းလဲနေတာကိုတော့ တွေ့ရတယ်လို့ ဆိုပါတယ်။

ယူကေမှာ အခုချိန်ထိ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုကာလ ဆေးဝန်ထမ်းတွေ သေဆုံးသူ ၂၇ ဦး ထိရှိနေပါပြီ။ ဒီလို အကြပ်အတည်းကာလမှာ စွန့်စွန့်စားစား တာဝန်ထမ်းဆောင်နေတဲ့ သူတို့ကို ပြည်သူတွေက အထူးကျေးဇူးတင်ကြောင်း စုပေါင်း လက်ခုပ်တီး အားပေးတာလို၊ အိမ်တွေမှာ စာတန်းတွေ ချိတ်ဆွဲပြီး အားပေးတာလိုမျိုးတွေနဲ့ ချီးကျူးအားပေးနေကြပါတယ်။

ဆေး ၁ လက်ရွေးစင် အားကစားသမားဟောင်း ပီတာခင်ထွန်း


ဒေါက်တာ ပီတာခင်ထွန်းက ရန်ကုန် ဆေးတက္ကသိုလ် ၁ ကနေ ၁၉၈၁ မှာ ဘွဲ့ရခဲ့ပြီး ရန်ကုန်မှာ ဆယ်နှစ်လောက် ဆေးကုသခဲ့ပါတယ်။ နောက် ယူကေကို ၁၉၉၄ မှာ ရောက်လာပါတယ်။ နောက်လန်ဒန်နဲ့ ရက်ဒင်းတို့က ဆေးရုံတွေမှာ အလုပ်လုပ်ခဲ့ပြီး နာလန်ထလူနာတွေကို အထူးပြုကုသပေးခဲ့တာ အနှစ် ၂၀ ကျော်လောက်ရှိခဲ့ပါပြီ။သူက သူ့ဘာသာရပ်အပြင် တခြား ဆေးပညာဆိုင်ရာ အထွေထွေ ဗဟုသုတလည်း နှံ့စပ်တယ်၊ ဗုဒ္ဓဘာသာကို လေးနက်စွာ သက်ဝင်ယုံကြည် ကိုင်းရှိုင်းသူ၊ တရားထိုင်တယ်၊ အလှူအတန်းတွေ အများအပြားလုပ်တယ်လို့ မိသားစုက ဆိုပါတယ်။ အချက်အပြုတ်လည်း ဝါသနာပါပြီး သူ့ဆီ လာလည်မယ့်သူတွေအတွက် သူက ကြိုတင် ဝယ်ယူထားပြီး ချက်ပြုတ်ကျွေးတတ်တယ်လို့ ဆိုပါတယ်။

ပန်းချီလည်းဆွဲတယ်၊ အားကစားလည်းလုပ်တယ်၊ စက်ဘီးကို အဝေးကြီးစီးတယ်၊ ရန်ကုန်ဆေးတက္ကသိုလ် ၁ ရဲ့ သံပြားပစ်နဲ့ သံလုံးပစ် လက်ရွေးစင်လို့လည်း ညီဖြစ်သူက ပြောပါတယ်။ဒေါက်တာ ပီတာခင်ထွန်းဟာ သူတစ်ဖက်သားကို အစိမ်းအကျက်မရွေး ကူညီတတ်သူ၊ ဆေးပညာ ဗဟုသုတတွေကို မပြတ်လေ့လာနေပြီး သူ့ဆီ ဆက်သွယ်မေးမြန်းလာသမျှကိုလည်း စိတ်ရှည်လက်ရှည်ဖြေကြား လမ်းညွှန်ပေးတတ်သူအဖြစ် ယူကေက မိတ်ဆွေတွေကပြောပြကြပါတယ်။

ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်ဝင်းမာနဲ့ သားနှစ်ဦးတို့ ကျန်ရစ်ပါတယ်။


ဒေါက်တာပီတာခင်ထွန်းကွယ်လွန်ခဲ့ရတဲ့ အပေါ် သူ ၂၁ နှစ်တာ အလုပ်လုပ်ခဲ့တဲ့ Royal Berkshire ကလည်း အထူးဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဆေးရုံ စီအီးအို စတိဗ်မက်မေးနပ်စ်က ဆေးရုံတစ်ခုလုံး ကြေကွဲကြရကြောင်းနဲ့ ပီတာ့ကို လွမ်းဆွတ်သတိရနေကြမှာ ဖြစ်ကြောင်းပြောပါတယ်။

ဒေါက်တာခင်ထွန်းရဲ့ သားနှစ်ယောက်ထံက သတင်းစကားကိုလည်း ဆေးရုံဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ“သူရဲကောင်းစူပါဟီးရိုးဖခင်အတွက် မိသားစုက အထူးဂုဏ်ယူတဲ့အကြောင်း၊ ကိုယ့်လူနာတိုင်းကို ကိုယ့်မိသားစုဝင်တစ်ယောက်လိုပဲ မှတ်ယူပြီး ပြုစုကုသရမယ်လို့ အမြဲပြောခဲ့တဲ့အကြောင်း” ရေးထားပါတယ်။ မိသားစုအတွက်တော့ ဒေါက်တာခင်ထွန်းဟာ အကောင်းဆုံး လူသားတစ်ဦးဖြစ်ခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

သူ သေဆုံးချိန်မှာတော့ တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ သူ့မိတ်ဆွေတွေဆီက ဝမ်းနည်းကြ၊ အားပေးနှစ်သိမ့်ကြတဲ့ စကားတွေဟာ မိသားစု ထင်ထားတာထက် အများကြီး ပိုများပြီးရောက်လာခဲ့ပါတယ်။မိသားစုက အံ့သြလောက်အောင် ခင်မင်ရင်းနှီးသူတွေများတဲ့ သူ့ကို နောက်ဆုံးနှုတ်ဆက်ချိန်မှာတော့ နိုင်ငံကို လော့ဒေါင်းလုပ်ထားချိန်ဖြစ်နေပါတယ်။ ဒါကြောင့် အသုဘအခမ်းအနားမှာ မိသားစုကလွဲလို့ တခြား ချစ်ခင်သူတွေ သူ့ကို လာနှုတ်ဆက်ခွင့်မရဘဲ ခွဲခွာသွားရတော့မှာပါ။

ဘီဘီစီ

Post a Comment

Previous Post Next Post