ကပ်ရောဂါဟာ တရုတ်ကနေ စတင်တယ်။ မကြာခင်မှာပဲ တကမ္ဘာလုံးနီးပါးကို ပျံ့နှံ့သွားတယ်။ ဒီမှာတင် ရောဂါမကူးစက်အောင် ဘယ်လိုကာကွယ်ရမယ်။ နေထိုင်ရမယ်စတဲ့ ဆောင်ရန်ရှောင်ရန်တွေ လူမှုကွန်ယက်တွေပေါ်မှာ တသီတတန်းကြီးတက်လာတယ်။

နှစ်လအတွင်းမှာ အဲဒီကပ်ရောဂါဟာ မြန်မာပြည်ကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ဒီဘေးဆိုးကြီးဟာ အနေအထိုင်မဆင်ခြင်ရင် နောက် ဆက်တွဲ ဧရာမဆိုးကျိုးကြီးတွေ ပေါ်လာနိုင်ကြောင်း အသိပေးနှိုးဆော်ချက်တွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့တယ်။

အီရန်မှာ ပါကစ္စတန်မှာ ဘာသာရေးဆုတောင်းပွဲတွေကနေ ကူးတဲ့အကြောင်း အိန္ဒိယမှာ ကမ္ဘာလှည့်နေတဲ့ ဂုရုကြီးဟာ ရောဂါဖြန့်နေသူ ဖြစ်တဲ့အကြောင်းတွေအပြင် မင်္ဂလာဆောင် အလှူအတန်းစတဲ့ လူစုလူဝေးမှန်သမျှ အများပြည်သူဆီကို ရောဂါမျှဝေနေသလို ဖြစ်နေကြောင်း သတင်းတွေ ပလူပျံလာတယ်။

ကုန်ကုန်ပြောရရင် ဘင်္ဂလာဒေ့ရှ်မှာဆိုရင် ပလီတက်နေတဲ့သူတွေကို ရဲက ကြိမ်လုံးနဲ့ လိုက်ရိုက်ကြတဲ့အထိ။ နိုင်ငံအတော်များများမှာ အဲသလို စည်းကမ်းဖောက်သူတွေကို အစိမ်းအကျက်မရွေး (တချို့ဆို မြို့တော်ဝန်ကတော်တောင် ပါသေး) အရေးယူအပြစ်ပေးမှုတွေလုပ်တယ်။

ဒါပေမယ့် ကျုပ်တို့ဇာတိနိုင်ငံမှာတော့ ဘုန်းကြီးပျံကို ကြက်ပျံမကျ ကျင်းပလို့ကောင်းတုန်း။ ဘာသာရေးပွဲတွေ အဆက်မပြတ်လုပ်တုန်း။ လူစုလူဝေးတွေ လုပ်နေကြတာ မမြင်ချင့်အဆုံး။ နောက်ဆုံးတော့ အဲဒီလူတွေ ဒီလိုကပ်ဘေးထဲမှာ လူနာစာရင်း ဝင်ကုန်ကြတာပါပဲ။
ဒါကြောင့် ပညာရှိတွေ ဆုံးမခဲ့တာပေါ့။

“လူလိမ္မာကား သူတပါး၏အမှားမှ သင်္ခန်းစာ ယူတတ်ကုန်၏။”

“လူမိုက်တို့ကား ကိုယ်တိုင်မှားကာမှ သင်္ခန်းစာယူတတ်ကြကုန်၏။”

“ထို့ထက်မိုက်မဲသော သူတို့ကား ကိုယ်တိုင်မှားနေပါလျက် သင်္ခန်းစာ မယူတတ်ကြလေကုန်။”

“အမိုက်တကာ့ ထိပ်ခေါင်တင်တို့ကား သူတပါးကော ကိုယ်တိုင်ပါ အမှားကြီးမှားနေပါလျက် သင်္ခန်းစာယူရကောင်း မသိကြလေကုန်” တဲ့။

ဒီလိုအချိန်တွေမှာ တချို့လူတွေဟာ စည်းကမ်းဖောက်ရင် သေနတ်နဲ့ ပစ်မယ်ဆိုတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးလို လူမျိုးနဲ့ပဲ ထိုက်တန်တယ်နေပြီလား…

(မင်းဒင်)

Post a Comment

Previous Post Next Post