မြို့နယ်ပြည်သူများအား အသိပေးတင်ပြခြင်း

(၁၄) ရက်ကျော်မှ ပေါ်လာတဲ့ ရောဂါပိုး နဲ့ (၁၄) ရက်မပြည့်ဘဲ ပြန်ခွင့် ပြု တဲ့ သံဖြူဇရပ်အပါအဝင် မွန်ပြည်နယ် Quarantine Centre တွေက ထွက်လာကြတဲ့ ပြည်တော်ပြန်တွေနဲ့တော့ တကယ်ကို စိုးရိမ် စရာပါ။
မွန်ပြည်နယ်မှာ (၂၉. ၃. ၂၀၂၀) နေ့မှာ ရပ်ရွာအခြေပြု သီးသန့်ထားရှိ စောင့်ကြည့်ရေး စခန်း (Community Based Facility Quarantine Centre) တွေ စဖွင့်ပြီး အဲဒီနေ့မှာပဲ ပြည်တော်ပြန် တွေကို စ ထားတယ်။

စစချင်း CBFQC ကို ရောက်ရှိလာကြသူတွေထဲမှာ တစ်ချို့ကမတ် လ ၂၂/၂၃ တည်းက မြန်မာပြည်ကို ပြန်ရောက်နေကြတာ ရှိသလို တစ်ချို့က အဲဒီနောက်ပိုင်းရက်တွေမှာ မြန်မာပြည် ပြန်ရောက် လာကြ ပြီး CBFQC ကို ရောက်ရှိလာကြတာ ဖြစ်ပါတယ်။
သေချာတာတစ်ခုကတော့ CBFQC မဖွင့်ခင် ကျမတို့သံဖြူဇရပ်မှာ ထိုင်းနိုင်ငံက ပြန်လာသူတွေဟာ ဘယ်သူမှ သူတို့အိမ်မှာ ၁၄ ရက် သီးသန့် စောင့်ကြည့်နေထိုင်ခြင်း (Home Quarantine)မလုပ်ခဲ့ကြဘူး ဆိုတာပါပဲ။ ဒါတင်ဘယ်ကမလဲ ရှင်ပြုပွဲ ၊ မင်္ဂလာပွဲ ၊ ဘုန်းကြီး ပျံပွဲတွေမှာ ခြိမ့်ခြိမ့်သဲသဲ ပါဝင်ဆင်နွှဲကြ အကန့်အသတ်မရှိ လွတ်လပ် စွာ သွားလာ နေထိုင်ခဲ့ကြသူတွေပါ။
CBFQCတွေ ဖွင့်ပါ ပြည်တော်ပြန်တွေကို ထားရှိစောင့်ကြည့်ဖို့ စီစဉ် ပါလို့ အစိုးရက ညွှန်ကြားလာချိန်မှာ တာဝန်ရှိသူ အဆင့်အဆင့်က ဖော်ဆောင်ကြတယ်။ အဆင့်ဆင့်ဆိုတော့ ထုံးစံအတိုင်း အောက်ဆုံး အဆင့် ရပ်/ကျေးတွေဆီလည်း ရောက်ရော မပီမပြင်တွေ ဖြစ်ကုန် ရော။

အပေါ်ဆုံးနဲ့ အောက်ဆုံးအဆင့်ကို ချိတ်ဆက် စီမံပေးရတဲ့ အလယ် အဆင့် တာဝန်ရှိသူတွေ ရဲ့အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။ ရပ် ကျေးတွေကတော့ သူတို့နားလည်သလောက် တတ်နိုင်သမျှ လုပ်ကြပါ တယ်။

ဒါပေမယ့် မြို့နယ် အုပ်ချုပ်ရေးပိုင်းရဲ့ စီမံ ကွပ်ကဲမှုဟာ အင်မတန်မှ အားနည်း တာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်။ စီမံကွပ်ကဲရသူတစ်ချို့ကလည်း COVID-19ကိစ္စကို ကိုယ်တိုင်ကတောင် သိပ်စိုးရိမ်စရာဆိုတာကို မခံစားမိသေးတဲ့ပုံပဲ။ အထက်ကခိုင်းလို့သာ မလွှဲမရှောင်သာ လုပ်နေရတဲ့ပုံ။ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောနေ အကြံပြု တိုက်တွန်းနေတာကိုတောင် အကဲပိုနေတယ် ထင်နေပုံရတယ်။ တစ်ခြား ကိစ္စတွေလိုပဲ သူ့လူနဲ့သူ ကျဉ်းကျဉ်းမြောင်းမြောင်း ဆောင်ရွက်ချင်ပုံ တွေ့ရတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်လို တဲ့အနေအထား မတွေ့ရဘူး။
တစ်ခြားမြို့နယ်က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးကြည့် တယ်။ သူတို့ဆီမှာလည်းပဲ တစ်ချို့က ကျမတို့မြို့နယ်လိုပဲတဲ့။တစ်ချို့ ကတော့ စိတ်ပါလက်ပါ ပူးပေါင်း ဆောင်ရွက်တယ်တဲ့။ တစ်ချို့က ဟန်ပြ ပူးပေါင်းဆောင်ရွက်တယ်တဲ့။ ရှေ့မှာတော့ ဟုတ်ကဲ့ ဟုတ်ကဲ့။ နောက်မှာတော့ တလွဲ။

အထူးအဆန်းတော့ မဟုတ်ပါဘူးလေ။ နှစ်ပေါင်းများစွာ အုပ်ချုပ်ရေးတာဝန်ရှိိသူတွေနဲ့ ပြည်သူဘက်က ရပ်တည်သူတွေနဲ့က ပြဒါးတစ်လမ်းသံတစ်လမ်း ၊ တစ်ချို့ဆို ပြည်သူနဲ့ ပြည်သူ့ဘက်သားတွေကို ရန်သူလို တောင် ဆက်ဆံခဲ့ကြတာဆိုတော့ ။ အခုချိန်ထိ ပြည်သူကို ဗဟိုမပြု နိုင်သေးတာ၊ ထွေအုပ်ကို အရပ်သားသမ္မတအောက်ကို ပြောင်းလဲထား ရှိလိုက်တာကိုတောင် အဘတို့ပြန်လာဖို့ မျှော်လင့် ချက်တွေနဲ ကျားကန် နေသူတွေက ရှိနေဆဲကိုး။ ဒီမိုကရေစီခေတ်မှာ ပြည်သူ့ကိုယ်စားလှယ်တွေက ဝင်ရောက် ထောက်ပြ ပြောဆိုနေတာ သူတို့အတွက် သိပ်မဟန် လှဘူးလေ။

ဒီကြားထဲ ဌာနဆိုင်ရာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကြား ခြေထိုး ပြီး ဌာနဆိုင်ရာတွေကြားမှာ အရေးပါနေသူလိုလို ဟန်လုပ် သာယာ ဂုဏ်ယူတတ်တဲ့အရပ်သား ကိုလူရှုပ် တစ်ယောက်စ နှစ်ယောက်စ ကလည်း ရှိသေး။ သူတို့ရောဂါကလည်း မသေးဘူး။ ဒီရောဂါကလည်းခေတ်တိုင်း ခေတ်တိုင်းမှာ ရှိနေအုံးမယ်။ ကုသရမယ့်ဆေးကတော့ အသိတရားနဲ့ ကိုယ်ကျင့်သိက္ခာဆိုတော့ သိပ်တော့မလွယ်လှသေးဘူး။
ထားလိုက်ပါတော့… Quarantine Centre အကြောင်း ဆက် ပြောပါမယ်။

Quarantine Centre စဖွင့်တည်းက ကျမတို့ လွှတ်တော် ကိုယ် စားလှယ်ရုံးက တစ်ရက်မှ မနားသေးဘူး။ ရပ်/ကျေး Centreတွေဆီ ကို အရောက်သွားပြီး လိုအပ်ချက် အခက်အခဲတွေကိုလေ့လာတယ်။ အားပေးကြတယ်။ ကျမတို့ တတ်နိုင်သမျှ ကူညီပံ့ပိုးတယ်။ ထပ်မံ လို အပ်တဲ့ ပစ္စည်းတွေအတွက် ကူညီနိုင်တဲ့သူတွေ အဖွဲ့အစည်းတွေနဲ့ချိတ် ဆက်ပေးတယ်။ သတင်းအချက်အလက် မျှဝေပေးတယ်။ စေတနာ့ လုပ်အားပေးတွေ အန္တရာယ်ကင်းဖို့ ကျမတို့လေ့လာထားသမျှကျန်းမာရေးအသိပညာ မျှဝေပေးတယ်။ သူတို့ဆီက အတွေ့အကြုံတွေ အကြံပြုချက်တွေကိုလည်း နားထောင်မှတ်သားခဲ့တယ်။
(၆. ၄. ၁၉၂၀) နေ့မှာ တောင်ဖလု ၊ ကျုံကဒတ်၊ စက်စဲ၊ ကြာကန်၊ပင ၊ ကရုပ္ပိ Quarantine Centre တွေဆီကို ရောက်ခဲ့တယ်။ အဲဒီမှာ ပြည်တော်ပြန်တစ်ချို့ကို Centreကနေ သူတို့နေအိမ်တွေဆီ ပေးပြန်လိုက်ပြီ။ (၂၉. ၃. ၂၀၂၀) နေ့က စ ရေတွက်မယ်ဆိုရင်(၈) ရက်ပဲ ရှိသေးတယ်။ (၁၄)ရက်မပြည့်သေးဘူး။ရပ်/ကျေးအုပ်ချုပ်ရေး မှုးတွေကို ဘယ်လိုဖြစ်တာလဲ အကျိုးအကြောင်းမေးကြည့်တယ်(၁၄) ရက်မပြည့်သေးတာလည်း သူတို့နားလည်တယ်။ ဒါပေမယ့် ပြန်ချင်တဲ့ သူတွေကလည်း ပြန်ချင်နေကြပြီ။ မြို့နယ်ကလည်း ပြန်ခွင့်ပြုတဲ့ စာ ထုတ်ပေးလိုက်ပြီတဲ့။ သူပြတဲ့စာကြည့်လိုက်တော့ မြို့နယ်အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးက ပြန်ခွင့်ပြုတဲ့ လက်မှတ်တွေနဲ့။ ရက်စွဲတွေကို သူတို့ မြန်မာပြည်ကို အသီးသီးရောက်ရှိလာတဲ့ ရက်စွဲတွေ ရေးဖြည့်ပေးထား တယ်။

ဒါနဲ့ မြို့နယ်အုပ်ချုပ်ရေးမှုး ဘယ်လိုဖြစ်တာလဲဆိုတော့ မွန်ပြည်နယ်(၁၀)မြို့နယ်စလုံး ဒီလိုပဲ အစ်မတဲ့ ။ ပြည်နယ်အစည်းအဝေး သွားတက်တုန်းကလည်း ဒီလိုပဲ မှာလိုက်တယ်တဲ့။ ကျမ နှုတ်နဲ့ မှာလိုက် တာထက် စာနဲ့ညွှန်ကြားတဲ့အတိုင်း လုပ်ရမှာ မဟုတ်ဘူးလား။ စာထဲမှာ ဘယ်နေ့မှာ Quarantine Centre ကို စရောက်ရှိရင် ဘယ်နေ့မှာ (၁၄)ရက်ပြည့်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းရေးထား ပြီးသားလို့။ ဟုတ်ကဲ့ အစ်မ စာထဲမှာတော့ ရေးထားတယ်တဲ့။ အစည်း အဝေးမှာ နှုတ်နဲ့မှာခဲ့တာကတစ်မျိုးတဲ့ အဲဒီစာက လျှို့ဝှက် (အဆင့်)နော်တဲ့။

ဒါပေမယ့် လိုင်းပေါ်မှာ ပြန့်နေပြီ။ နားလည်တဲ့ ကျေးရွာသားနဲ့ကျေးရွာအုပ်ချုပ်ရေးမှုးကတော့ ပြဿနာတက်နေပြီလို့။ ကျေးရွာ အုပ်ချုပ်ရေးမှုးကလည်း သူ့မြို့နယ်က အမိန့်ပေးတဲ့အတိုင်း လုပ်မှာလေ။ အဲဒီတော့ မြို့နယ်အုပ်ချုပ်ရေးမှုးကို (၁၄)ရက် မပြည့်ဘဲ ပြန်ခွင့် ပြုတာ စိုးရိမ်စရာကောင်းပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ကန့်ကွက်ပါတယ်လို့ ပြောထားတယ်။ ကျမ ကန့်ကွက်ကြောင်းလည်း အထက်ကို သတင်းတင်လိုက်ပါ။ COVID-19 ဗဟို ကော်မတီကို လည်း ကျမ စာပို့ သွားမှာပါလို့။ ဟုတ်ကဲ့ပါ အစ်မတဲ့။

(၈. ၄.၂၀၂၀)နေ့မှာ ဝဲခမိ၊ ပိန္နဲတော၊ ရွာသာအေး( တောင်ပေါ် တောင် အောက်) ၊ ဝယ်ဝင်္ကရာ၊ စခန်းကြီး၊ ကလိုင်ပဒေါ Centre တွေဆီကို ရောက်ခဲ့တယ်။ ကလိုင်ပဒေါကိုရောက်တော့ အရင်ဆုံး ရွာသားကို မေးကြည့်တယ်။ ဆရာမ ဒီစာသင်ကျောင်းထဲကလူတွေက နေ့မြင် ညပျောက်တဲ့။ အိမ်ပြန်နေကြတယ်တဲ့။ စာသင်ကျောင်း အရှေ့ အဝင်တံခါး သော့မခတ်ထားဘူး။ အနောက်ဘက် ရွာနဲ့ဆက်နေတဲ့ ခြံ စည်းရိုးက တံခါးမရှိ ဓါးမရှိ။ စောင့်ကြပ်မယ့်သူမရှိ။

လူတစ်ယောက်မှမရှိ ။ အသုံးအဆောင်၊ အိပ်ရာလိပ်မရှိ။ ရွာတာဝန်ခံကို ဖုန်းဆက် ခေါ်တော့မှ သူရော စောင့်ကြည့်ခံနေရသူ ပြည်တော်ပြန်နှစ်ယောက်ပါအနောက်ပေါက်ကနေ အူယားဖားယား ပြေးလာကြတယ်။ ကျန်တဲ့လူ တွေက ပြန်ခွင့်ရသွားပြီတဲ့လေ။ ခိုးပြန်နေကြတာ လူမိသွားတော့ စပ်ဖြဲဖြဲတွေ လုပ်နေကြတယ်။ ကျမတော့ စိတ်လည်းတို။ သနားလည်း သနား။ တစ်ဆက်တည်း စိတ်ပူမိ။ ရင်မောမိ။

COVID-19ကို လျှော့တွက်နေကြတယ်။ ဒီချိန်မှာ အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးပိုင်းက တစ်ခြား လုပ်ရိုးလုပ်စဉ် လုပ်ငန်းတွေလို ကိုယ့်ဌာန ကိုယ့်လူလောက်နဲ့ ဆောင်ရွက်ရမယ့် ကိစ္စမဟုတ်ဘူးဆိုတာ သဘောပေါက်ရတော့မယ်။ မြို့နယ်အဆင့်မှာ လုပ်ပိုင်ခွင့်ရှိသမျှ မြန်မြန် တတိတိ တုန့်ပြန်ဆောင်ရွက်ဖို့ လိုအပ်နေပြီ။ အစည်းအဝေးတွေမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေက အကြိမ်ကြိမ်အကြံပြုတိုက်တွန်းခဲ့ကြတယ်။

ကျမတို့ လွှတ်တော်ကိုယ်စားလှယ်ရုံးအနေနဲ့ကတော့ ကျမတို့ လုပ်ပိုင်ခွင့်ရှိသမျှ ကျမတို့လုပ်နိုင်သမျှ ကျမတို့ပူးပေါင်းဆောင်ရွက်လို့ ရသမျှ ဆက်လုပ်သွားမှာပါ။

ကျမတို့က ကူးစက်ရောဂါအန္တရာယ် ကာကွယ် ထိန်းချုပ်ရေးဆိုတဲ့ အကြောင်းအရာပေါ်မှာ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားမယ်။

သံဖြူဇရပ်မြို့နယ်ရဲ့ လက်ရှိအခြေအနေများကို ပြည်သူတွေ သိသင့်တယ်လို့ ယူဆလို့ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အသိပေးတင်ပြခြင်းဖြစ်ပါတယ်။

အားလုံးသတိရှိကြပါ။ ဂရုစိုက်ကြပါရှင်။

လေးစားစွာဖြင့်

ဒေါ်မြတ်သီတာထွန်း

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

(၁၀. ၄.၂၀၂၀)

Post a Comment

Previous Post Next Post