ထီကံစမ်းသူများနှင့် ထီရောင်းချသူများအဆင်ပြေစေရန် အောင်ဘာလေထီဖွင့်ရက်ကို နောက်ဆုတ်ပေးမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။

မေလအတွင်းဖွင့်လှစ်မည့် ၁၅ ကြိမ်မြောက်ထီဖွင့်ပွဲမှစတင်၍ ၁၅ ရက်နေ့မှသာ ထီဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က မြန်မာတိုင်းမ်သို့ ပြောသည်။


“ ရက်တိုးပေးဖို့ ပြင်နေတယ်။ ထီဖွင့်ရက်က လစဉ် ၁ ရက်နေ့အစား ၁၅ ရက်နေ့မှ ဖွင့်ဖို့ လုပ်နေတယ်။ အဲဒါကို ဒီဘဏ္ဍာနှစ် နောက်ထပ် ငါးလလောက်ပေးဖို့တော့ ပြင်နေတယ် ” ဟု ၎င်းက ပြောသည်။

ယင်းကိစ္စကို ယခုရက်ပိုင်းအတွင်း နိုင်ငံပိုင်သတင်းစာများအတွင်းမှ တရားဝင်ထည့်သွင်းကြေညာပေးမည် ဖြစ်ကြောင်း၊ ထီလက်မှတ်ဈေးနှုန်းမှာ အပြောင်းအလဲမရှိကြောင်း ဦးမင်းထွဋ်က ဆိုသည်။

ထီလက်မှတ်ရောင်းချမှုသည် ဧပြီလနှင့် မိုးတွင်းကာလများတွင် ရောင်းအားကျလေ့ရှိသဖြင့် အက္ခရာလျှော့ရောင်းလေ့ရှိရာ ယခုလတွင်လည်း အက္ခရာလျှော့ရောင်းမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။

“ အခုလိုထီဖွင့်ရက်နောက်ဆုတ်ပေးတာကောင်းပါတယ်။ ဒါဆိုရင်တောင် လုပ်သာကိုင်သာ ရှိရုံလောက်ပဲ ဖြစ်ဦးမှာ။ ဒါပေမဲ့ ကျွန်တော်တို့အတွက် အားလေးတော့ နည်းနည်းရှိသွားတာပေါ့ ” ဟု ရတနာသိန်းထိုက်အောင်ထီလုပ်ငန်းပိုင်ရှင် ဦးအောင်စောနိုင်က ပြောသည်။

“ဘာလို့လဲဆိုတော့ အရင်လက ၁ ရက်နေ့မှာ ဖွင့်ချလိုက်တာဆိုတော့ ပထမ ၁၀ တန်းစာမေးပွဲ၊ ပြီးတော့ ဗိုင်းရပ်စ်နဲ့ဆိုတော့ စာမေးပွဲလည်းအပြီး ဗိုင်းရပ်စ်က ဝင်သွားတော့ ထီသမားက ထီရောင်းမလို့ရှိသေး ထီကဖွင့်သွားပြီ။ ဆိုတော့ ထီသမားလက်ထဲ ထီက သုံးပုံတစ်ပုံလောက်ကျန်သွားတာပေါ့ ” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိထီဈေးကွက်အတွင်း COVID-19 ရောဂါကြောင့် ထီလက်မှတ်လက်ကားဈေးနှုန်းများကျဆင်းလာနေပြီး ယခင်ထီလက်ကားဈေးကွက်အတွင်း တစ်စောင်လျှင် ၁၀၂၀ ခန့်ရောင်းချခဲ့ရာမှ ယခုအခါ တစ်စောင်လျှင် ၉၂၀ ခန့်သာရှိကြောင်း၊ COVID -19 ရောဂါဂယက်ရှိနေသည့်အတွက် ထီဈေးကွက်အခြေအနေကို သုံးသပ်ရန် ခက်ခဲကြောင်း ဦးအောင်စောနိုင်က ဆိုသည်။

“ လက်လီဈေးကလည်း တစ်စောင် တစ်ထောင်လောက်ပဲရှိတယ် ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၁၄ ကြိမ်မြောက်ထီမဖွင့်ခဲ့မီက ထီရောင်းချသူများတွင် ထီလက်မှတ်များစွာကျန်ရှိနေသေးခြင်းကြောင့် ထီဖွင့်ရက်ကို နောက်ဆုတ်ပေးရန် ထီလုပ်ငန်းရှင်များက တောင်းဆိုခဲ့ကြသော်လည်း ပြည်တွင်းအခွန်များဦးစီးဌာနက မရွှေ့ပေးခဲ့ပေ။

၁၄ ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို ရန်ကုန်မြို့ ၏ပထမဆုံးအကြိမ်အဖြစ် တာမွေမြို့နယ်မှ ဒေါ်စန်းစန်းမြင့်က ဆွတ်ခူးခဲ့သည်။

CRD-မြန်မာတိုင်းမ်

Post a Comment

Previous Post Next Post