ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စုမှာ ဒီကနေ့နေ့လယ်ပိုင်းက ဒေသအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးကို Covid-19 စောင့်ကြည့်ရေးစခန်းအတွင်းမှာ NLD ပါတီအမတ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးက လူအုပ်စုဖွဲ့ပြီး သံဒုတ်ကိုင်ဆောင်ကာ ရိုက်နှက်မှုဖြစ်ပွားခဲ့ပါတယ်။

“ကျနော်တာဝန်ထမ်းဆောင်နေစဉ်မှာ အဲ့ဒီကိုယ်စားလှယ်နဲ့အဖွဲ့က ဝင်ရောက်လာပြီး ကိုယ်စားလှယ်က ကျနော်ကို တွန်းလဲပြီးဝင်ရိုက်ပါတယ်၊ ကျနော်လဲကျချိန်မှာ အသေသတ်ပစ် ဒီကောင့်ကိုဆိုပြီး သူအဖွဲ့ကပါ ဝိုင်းရိုက်ပြီး ကန်ကြတာပါ” လို့ ရိုက်နှက်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဦးသန်းလွင်ကပြောပါတယ်။

ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာမှာတော့ “အုပ်ချုပ်ရေးမှူးကို စောင့်ကြည့်ရေးတာဝန်ပေးထားပါတယ်။ ကျနော်တို့ကတော့ အထက်ကိုတင်ပြထားပါတယ်။ ဝတ်တရားနှောက်ယှက်မှု ဖွင့်ခြင်း/မဖွင့်ခြင်းကတော့နစ်နာသူအုပ်ချုပ်ရေးမှူးက ကာယကံရှင်ဆိုတော့ ကျနော်တို့က အပေါ်က ညွန်ကြားချက်အတိုင်းလုပ်မှာပါ။ တာဝန်ပေးထားတာကတော့ ဟုတ်ပါတယ်” လို့ အတည်ပြု ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးမိန်းမက လာတိုင်ထားပါတယ်၊ အုပ်ချုပ်ရေးမှူးကို မြို့နယ်ဆေးရုံကနေပြီး နေပြည်တော်ကိုလွှဲလိုက်ရပါတယ်၊ ပုဒ်မ (ပ)၁၂/၂၀၂၀၊ ပုဒ်မ ၃၂၅/၁၁၄ နဲ့ လောလောဆယ်ဖွင့်ပေးထားပါတယ်၊ ပုဒ်မအပြောင်းအလဲရှိရင် ထပ်ပြောပါ့မယ်” လို့ နတ်သံကွင်းနယ်မြေရဲစခန်းရှိ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။
ဖြစ်စဉ်နဲ့ပက်သက်လို့ မေးမြန်းဖို့အတွက်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးရဲ့ ဖုန်းကို ဆက်သွယ်ရာမှာတော့ စက်ပိတ်ထားပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဒေသခံပြည်သူလူထုက အထူးစိတ်ဝင်စားနေကြတယ်လို့လည်း သိရပါတယ်။

သူရိန်(VOM)

Post a Comment

Previous Post Next Post