မျှော်တုန်းမျှော်ဆဲ သူလဲရောက်လာ…

မနေ့က တချို့က လာပြောကြတယ်။ အစိုးရက ညံ့လို့ ဟိုဟာ မတင်နိုင်လို့ ဒီဟာမတင်နိုင်လို့ World Bank က အကူအညီထောက်ပံ့ငွေမရဘူးပေါ့။ အိန္ဒိယလို နိုင်ငံတောင် ဒေါ်လာ ၁ ဘီလီယံရတယ်။ လာအိုက ၁၈ သန်းရတယ်။ ဘင်္ဂလားဒေ့ရှ်က သန်း ၁၀၀။ သူတို့ရတာက ၁ပတ် နီးပါးရှိပီ။ လူဦးရေအချိုးအစားနဲ့ တိုင်းပြည်အခြေအနေနဲ့ သေချာတွက်ချက်ပီး ပေးတာပေါ့။ စုံစမ်းကြည့်တော့ မြန်မာနိုင်ငံကလဲ တင်တော့ထားတယ်။ ရမလာသေးဘူးပေါ့။ စိတ်မကောင်းဖြစ်ရတယ်။ ဒီလိုအချိန်မှာ ဒီငွေကြေးကလဲ အများကြီး အကူအညီဖြစ်စေတယ်လေ။ ဒီနေ့ညနေမှာတော့ မြန်မာနိုင်ငံအတွက် COVID အရေးပေါ်တိုက်ဖျက်ရေး ရန်ပုံငွေအဖြစ် ဒေါ်လာ သန်း ၅၀ ကြီးတောင် ချပေးလိုက်တာကို ကြားလိုက်ရတယ်။ တကယ်ကို ပျော်ရွှင်ရပါတယ်။ အစိုးရရဲ့ တင်ပြတဲ့ Plan ကောင်းမွန်တဲ့အတွက် ရရှိလာတဲ့ အကျိုးပါပဲ။ နောက်ထပ် ကြိုးစားမှုကြီးတရပ်ပါ။

အဲဒီငွေတွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဗဟိုအဆင့် ဆေးရုံကြီး ၈ခု၊ တိုင်းနဲ့ပြည်နယ်အဆင့် ဆေးရုံ ၄၃ ခုကို အဆင့်မြှင့်တင်နိုင်ပီ။ နောက်ပီး ICU တွေကို အဆင့်မြှင့်ဖို့လဲပါတယ်။ လက်ရှိမှာလဲ World Bank Project တွေက ရန်ပုံငွေတွေကို COVID-19 တိုက်ဖျက်ရေးမှာ ယူသုံးနေရပါတယ်။ ဒါ့အပြင် ရှေ့ဆက်ပီးတော့လဲ ၁၅ လအတွင်း ဆင်းရဲတဲ့လူတွေကို ထောက်ပံ့ဖို့၊ စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးဖို့နဲ့ နိုင်ငံစီးပွားရေးထူထောင်ဖို့ ရန်ပုံငွေတွေ ဆက်ပေးသွားဖို့လဲ ရှိပါသတဲ့။ ကျနော်တို့လို ဆင်းရဲတဲ့တိုင်းပြည်အတွက်ကတော့ ဝမ်းသာစရာပါပဲ။ ဒါကြောင့် ကမ္ဘာ့မိသားစုထဲ နေထိုင်ဖို့က ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိသာလှပါတယ်။

COVID-19 ကတော့ လက်ရှိမှာ အမေရိကန်နဲ့ ဥရောပမှာ ဖြစ်နေပေမယ့် မကြာခင် အာဖရိကမှာ ဗဟိုချက်ဖြစ်သွားနိုင်တယ်လို့ WHO က ခန့်မှန်းထားပါတယ်။ အာဖရိကဒေသကိုလဲ ထောက်ပံ့နေပါတယ်။ အရှေ့တောင်အာရှမှာတော့ စင်ကာပူက အင်ဒိုကို ကျော်ပီး ပိုးကူးစက်သူ အများဆုံးဖြစ်လာပါတယ်။ မြန်မာနိုင်ငံကတော့ လက်ရှိမှာ ၁၁၇ ဦး ကူးစက်ခံထားရပါတယ်။ ဒီနေ့ ကူးစက်ခံရသူတွေထဲမှာ ကလေးမြို့ကပဲ ၄ဦးပါလို့ ကလေးမြို့ကို ဝန်းရံရဦးမှာပါ။ လက်ရှိအထိ ပိုးမတွေ့တော့တဲ့ လူနာဦးရေကလဲ ၉ဦးအထိ ရှိလာသလို ပိုးကူးစက်သူဦးရေကလဲ အများကြီးထပ်တိုးမလာသေးပါဘူး။
လက်ရှိမှာ ကမ္ဘာတခုလုံးက ဒီရောဂါရဲ့ သဘောတရားကို တဖြည်းဖြည်းနားလည်လာကြသလို ရင်ဆိုင်ကျော်ဖြတ်ဖို့လဲ ကြိုးစားလာကြပါပီ။ စီးပွားရေးနလန်ထဖို့လဲ Plan တွေ ဆွဲကုန်ကြပါပီ။ မြန်မာပြည်မှာလဲ ဓာတ်ခွဲစစ်ဆေးမှုတွေ အများကြီးတိုးလုပ်နိုင်ဖို့ရှိလာတာရယ်၊ အခုလို ဆေးရုံတွေ အဆင့်မြှင့်ဖို့ ငွေကြေးတွေ ရရှိလာပီဖြစ်တာကြောင့် ရောဂါတိုက်ဖျက်ရေးမှာ ပိုပီး လျင်မြန်ကောင်းမွန်လာတော့မှာပါ။ World Bank ကိုလဲ ကျေးဇူးတင်ရပါတယ်။ လိုအပ်နေတဲ့အချိန် မျှော်နေတုန်းမှာ ရလာလို့ ပိုကျေနပ်ရပါတယ်။

Fighting Myanmar….

Nay Thway

Post a Comment

Previous Post Next Post