ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဧပြီ ၁၈ ရက် (ယနေ့)မှ စတင်၍ ညမထွက်ရအမိန့်အား ထုတ်ပြန်ကြေငြာခဲ့ပြီး ည ၁၀ နာရီနှင့် နံနက် ၄ နာရီကြားတွင် အမြန်လမ်းမကြီးပေါ်၌ မော်တော်ယာဉ်သွားလာခြင်းများကို ခွင့်မပြုတော့ကြောင်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ယင်းအခြေအနေနှင့် ပတ်သက်ပြီး နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဇာနည်မောင်က “သူတို့ သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် သူတို့ထုတ်ပြန်ထားတာ ရှိတယ်လေ၊ အဲ့လိုရှိတော့ ဥပမာပေါ့ နေပြည်တော်ကို လာမယ်ဆိုရင် ၁၀ နာရီနောက်ပိုင်းမှ ရောက်တယ်ဆိုရင် နေပြည်တော်ကလည်း အဝင်ခံမှာ မဟုတ်ဘူးလေ၊ အဝင်ခံမှာ မဟုတ်တဲ့အတွက် ဒီခရီးသွားတွေ အနေနဲ့ပေါ့နော် ၊ နေရထိုင်ရတာတွေ ဘာတွေ အခက်အခဲဖြစ်နိုင်တယ်လေ၊ နောက်ပြီးတော့ ကျန်းမာရေးအနေနဲ့ ပတ်သက်ပြီးတော့လည်း အခက်အခဲရှိတာပေါ့လေ၊ အခုဟာက တစ်ချို့နေရာတွေက လော့ဒေါင်း ချထားတာတွေရှိတော့ ရောဂါရဲ့အနေအထား ထိန်းချုပ်ဖို့ အတွက်လည်း လိုက်နာသင့်တယ်ပေါ့ အဲ့ဒါကြောင့်ထုတ်ပြန်တာပါဗျ” ဟု ပြောကြားသည်။

အမြန်လမ်းမကြီး တစ်လျှောက် နယ်မြေစပ်ဆက် တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ အမိန့်ကြေငြာစာများဖြင့် ည (၁၀:၀၀) နာရီမှ နံနက် (၀၄:၀၀) နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားကြောင်း၊ ထို့ကြောင့် အမြန်လမ်းမကြီး တစ်လျှောက် ခရီးသွားလာကြမည့် ခရီးသွားပြည်သူများအနေဖြင့် မိမိသွားလိုသည့်ခရီးနှင့် ခရီးသွားကြာမြင့်ချိန်အား ကြိုတင်တွက်ဆ သုံးသပ်ပြီးမှသာ အမြန်လမ်းကို အသုံးပြုသွားလာကြပါရန်နှင့် အမြန်လမ်းမတလျောက် COVID ထိန်းချုပ် ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်မည့် လုံခြုံရေး အစီအမံ တားမြစ်ချက်များအား ခရီးသွားပြည်သူများ သိရှိစေရန် ထုတ်ပြန်ပေးခြင်း ဖြစ်ကြောင်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။

COVID-19 ကူးစက်မှုရောဂါကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် အမြန်လမ်းမကြီးပေါ်၌ Express မော်တော်ယာဉ်များ သွားလာခြင်းကို ဧပြီ ၇ ရက်နေ့မှ စတင်ရပ်နားခဲ့ပြီး မော်တော်ယာဉ်ငယ်များကိုသာ သွားလာခွင့်ပြုခဲ့သော်လည်း ယနေ့ ဧပြီ ၁၈ ရက်နေ့မှ စတင်၍ မော်တော်ယာဉ်များအနေဖြင့် အမြန်လမ်းပေါ်တွင် ည ၁၀ နာရီနှင့် နံနက် ၄ နာရီအချိန်ကြားတွင် သွားလာ မောင်းနှင်ခွင့် မရှိတော့ကြောင်း သိရသည်။

EMG

Post a Comment

Previous Post Next Post