ကိူရိုနာဗိုင်းရပ်စ်ကာလ အများပြည်သူများ သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့်ရရှိစေရေးနဲ့ အိမ်မှနေ အလုပ်လုပ်သူများအတွက် ဆက်သွယ်ရေး အဆင်ပြေစေဖို့ ပြည်တွင်းအော်ပရေတာများရဲ့ မိုဘိုင်းဝန်ဆောင်ခနှုန်းထား အနိမ့်ဆုံးနှုန်း သတ်မှတ်ချက်ကို မတ်လ ၂၇ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ဖြေလျှော့ပေးထားတယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ယခုဖြေလျှော့မှုအရ မတ်လ ၃၀ ရက်နေ့မှ စပြီး MyTel ဟာ ငွေဖြည့်ပမာဏရဲ့ ၅၀% ထပ်ဆောင်းပေးသွားမှာ ဖြစ်ပြီး Telenor ကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက် www.mohs.gov.mm ကို ဝင်ရောက်ကြည့်ရှုခြင်းအတွက် ဒေတာအခမဲ့ သတ်မှတ်ထားပါတယ်။ Ooredoo ဟာ မတ်လ ၃၁ ရက်နေ့က စပြီး ရက် ၃၀ Data Pack နဲ့ Voice Pack ဈေးများ ချပေးခဲ့သလို ငွေဖြည့်ပမာဏရဲ့ ၁၅၀% အပိုထပ်ဆောင်း‌ပေးထားတယ်လို့ ဆိုပါတယ်။


MPT ကတော့ ဧပြီ ၁ ရက်နေ့က စပြီး ပထမ ၅ မိနစ်စာ ကောက်ခံပြီး နောက်ထပ် ၅၅ မိနစ် ဖုန်းအခမဲ့ပြောဆိုခွင့်(On-net Call) ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပါအဝင် ဝက်ဘ်ဆိုက် ၆ ခုကို အခမဲ့ဝင်ကြည့်နိုင်အောင် ဝန်ဆောင်မှုပေးသွားမယ်လို့ ဆိုပါတယ်။ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနဟာ COVID-19 ကာလအတွင်း ဆက်သွယ်ရေးအော်ပရေတာများထံ ဝန်ဆောင်ခနှုန်းထား လျှော့ချဖို့ တိုက်တွန်းခဲ့ပြီးနောက် မတ်လ ၃၁ ရက်နဲ့ ဧပြီ ၁ ရက်နေ့တွေမှာ ဆောင်ရွက်ထားမှု အခြေအနေများကို လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဟာ COVID-19 ကာကွယ်ရေးကာလအတွင်း မိုဘိုင်းဒေတာ ကြမ်းခင်းဈေးသတ်မှတ်ချက် ဖြေလျှော့ပေးဖို့နဲ့ အွန်လိုင်းသင်တန်း ဝက်ဆိုက်နဲ့ ရုပ်သံအစည်းအဝေးပလက်ဖောင်းတွေကို ကာလတစ်ခု သတ်မှတ်ပြီး မိုဘိုင်းဒေတာအခမဲ့ (သို့) သက်သာတဲ့ နှုန်းထားနဲ့ အသုံးပြုခွင့်ရရေးအတွက် ဆက်သွယ်ရေး ကုမ္ပဏီများကို တင်ပြညှိနှိုင်းထားတယ်လို့ မတ်လ ၃၀ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

#Duwun

Post a Comment

Previous Post Next Post