လက်ရှိမှာတော့ သားဖြစ်သူကို ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်ကုသနေပြီး ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်တယ်လို့လည်း တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

“ သူက Negative ပါ။ ကျန်းမာရေးအခြေအနေကောင်းမွန်ပါတယ်။ လက်ရှိ ဝေဘာဂီဆေးရုံမှာပဲ ဆက်လက်စောင့်ကြည့်နေတယ်။ “ လို့ ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။

လူနာအမှတ် ၁၆ ဟာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်က ဒူဘိုင်းနိုင်ငံက ပြန်လာတဲ့သားကို ရန်ကုန် လေဆိပ်မှာသွားကြိုပြီးတဲ့နောက် နှစ်ပတ်ကြာ မောပန်းနွမ်းနယ်ခြင်းကို ခံစားခဲ့ရတာကြောင့် မတ်လ ၂၅ ရက်မှာတော့ ဖျားနာကိုက်ခဲဝေဒနာတွေ စတင်ခံစားခဲ့ရတာပါ။

အဲဒီနောက် ရပ်ကွက်ရှိဆေးခန်းနဲ့၊ အိမ်ကို ဆရာဝန်ပင့်ခေါ်ပြီး ကုသမှုတွေ ပေးခဲ့ပေမယ်လည်း မတ်လ ၃၁ ရက်မှာ ရောဂါပိုမိုပြင်းထန်လာလို့ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီးကို သွားရောက်ပြသပြီးစစ်ဆေးခဲ့ရာ COVID-19 Positive ဖြစ်ကြောင်း တွေ့ရှိခဲ့တာပါ။

လူနာနဲ့ အနီးကပ်ထိတွေ့နေထိုင်ခဲ့တဲ့ သားဖြစ်သူကိုလည်း ဝေဘာဂီဆေးရုံမှာစောင့်ကြည့်ကုသနေခဲ့ရာ သားကတော့ ရောဂါပိုးမတွေ့ရှိဘဲ ကျန်းမာရေးအခြေအနေကောင်းမွန်တယ်လို့ သိရပါတယ်။

လူနာနံပတ် ၁၆ နဲ့ ထိတွေ့ဆက်စပ်မိသူ ၆၈ ဦးရှိနေပြီး သူတို့ကိုလည်း အသွားအလာကန့်သတ်ပြီး သီးခြားစောင့်ကြည့်မှုတွေ ပေးနေရတယ်လို့လည်း ဆိုပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ဧပြီ ၃ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ဆေးရုံတွေ၊ အိမ်တွေမှာ အသွားအလာကန့်သတ်စောင့်ကြည့်မှု ခံယူနေသူ ၅၅ ဦးမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့လည်းသိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားသူ ၂၀ ဦးရှိတဲ့ အနက် တစ်ဦးသေဆုံးကာ နှစ်ဦးကိုတော့ အထူးကြပ်မတ်ခန်းမှာသီးခြားကုသပေးနေရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Credit DUWUN

Post a Comment

Previous Post Next Post