တရုတ်နိုင်ငံတွင် ဒုက္ခရောက်နေသော မြန်မာ‌ရွှေ့ပြောင်းလုပ်သားတစ်သောင်းကျော်သည် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ဂိတ်မှတစ်ဆင့် ယနေ့(ဧပြီ၁၆ရက်)တွင် စတင်ဝင်ရောက်မည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြောသည်။ “ဒီနေ့ ပြန်ဝင်လာကြမယ်။ ကြံခုတ်သမားတွေများပါတယ်။ နယ်စပ်တွေမှာရော သက်ဆိုင်ရာမြို့နယ်တွေမှာပါ အသွားအလာကန့်သတ်တဲ့နေရာတွေ လုပ်ထားပါတယ်” ဟု ဦးနေဝင်းက ပြောသည်။

စိုက်ပျိုးရေးလုပ်သားအများစုပါသော ရွှေ့ပြောင်းမြန်မာလုပ်သားအရေအတွက် တစ်သောင်းခွဲမှ တစ်သောင်းရှစ်‌ထောင်ကြား ပြန်ဝင်လာဖွယ်ရှိနေသည်ဟု ကချင်ပြည်နယ်ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။ တစ်ရက်လျှင် လူဦးရေ နှစ်ရာခန့် ပြန်ဝင်လာဖွယ်ရှိနေပြီး နယ်စပ်ဂိတ်တွင် ကျန်းမာရေးစစ်ဆေး မှုပြုလုပ်ပြီးနောက် သက်ဆိုင်ရာ ဒေသအသီးသီးသို့ တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များ၏အစီအစဉ်ဖြင့် ဆက်လက်ပို့ဆောင်ရန် စီစဉ်ထားသည်။

Covid-19 ရောဂါ အရေးပေါ်အခြေအနေတွင် တရုတ်နိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားအရေအတွက် အများအပြားပြန်ဝင်လာမည့်အပေါ် ကချင်ပြည်နယ်ဒေသခံများက စိုးရိမ်မှုများရှိနေသည်။ ယင်းပြဿနာကို စနစ်တကျ ဖြေရှင်းနိုင်ရေးအတွက် ပြည်နယ် အစိုးရသည် ပြည်ထောင်စုအစိုးရနှင့် ယခုထက်ပို၍ နီးနီးကပ်ကပ်အရှိန်မြှင့်ဆောင်ရွက်ရန် လိုသည်ဟု တိုင်းရင်းသားအရေးဆောင်ရွက်သူ မြစ်ကြီးနားမြို့ဒေသခံ ဇခုမ်(န်)ဘရန်နူးက ပြောသည်။

” ဗန်းမော်တို့ မြစ်ကြီးနားတို့မှာ ကျန်းမာရေးဝန်ထမ်းတွေ ဆရာဝန်တွေ သူနာပြုတွေ ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်တွေ လုံလောက်မယ်မထင်ဘူး။ အပြင်က volunteer တွေနဲ့ဘယ်လို အကူအညီ တောင်းကြမလဲ။ စီမံကြမလဲ။ လိုအပ်တာတွေအရင်မလုပ်ရသေးဘဲ ဒီလို ပြန်အဝင်ခံတာမျိုး မလုပ်သင့်သေးဘူးလို့ ထင်တယ်” ဟု ဗန်းမော် ဒေသခံတစ်ဦးက ပြောသည်။ နယ်စပ်မှတစ်ဆင့် ပြန်လာသူများ ကောင်းမွန်စွာလက်ခံနိင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအနေဖြင့် အခြားတိုင်းနှင့်ပြည်နယ် အစိုးရများနှင့် ချိတ်ဆက်၍ ကျန်းမာရေးဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟု ဦးနေဝင်းကပြောသည်။
ဗန်းမော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက” ကျွန်တော်တို့ ဝန်ကြီးချုပ်နဲ့ ချိတ်ထားတယ်။ အခြားဒေသကလူ‌တွေပါလာရင် သက်ဆိုင်ရာအစိုးရနဲ့ ချိတ်ပြီး ပို့ပေးမှာ” ဟု ပြောသည်။ ပြန်ဝင်လာမည့်သူအားလုံးသည် တရုတ်နိုင်ငံ၌ အလုပ်လက်မဲ့အခြေအနေကြောင့် ဒုက္ခကြုံနေ သူများဖြစ်ကြောင်းဦးအောင်သိန်းက ပြောသည်။


မြန်မာနှင့်တရုတ်နယ်စပ်ဒေသတာဝန်ရှိသူများသည် ယခုပြန်ဝင်လာမည့်သူများအရေးကို ပြီးခဲ့သည့် နှစ်ပတ်ခန့်မှ စ၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ သို့သော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နယ်စပ်ဂိတ်များမှ ဝင်ရောက်လာမည့် မြန်မာလုပ်သားများ ဧပြီလကုန်အထိ စောင့်ဆိုင်းရန် မေတ္တာရပ်ခံထားသည်။

ဆဲဗင်းဒေး

Post a Comment

Previous Post Next Post