မြန်မာပြည်မှာ ကိုဗစ်ရောဂါပျောက်တဲ့ ပထမဆုံးလူနာရှိလာတော့မယ်
မန္တလေးက လူနာနံပါတ်(၄)ကိုစစ်ဆေးရာ နှစ်ကြိမ်ဆက်တိုက် Negative ပြနေတာကြောင့် အဲဒီလူနာဟာ မြန်မာနိုင်ငံအတွင်း COVID-19 ပထမဆုံးပြန်လည်ပျောက်ကင်းတဲ့လူနာဖြစ်နိုင်ဖွယ်ရှိလာပြီလို့သိရပါတယ်။

အဆိုပါ လူနာနံပတ် ၄ ကို တတိယအကြိမ်စစ်ဆေးရာမှာ Negative ဖြစ်ခဲ့ပြီးနောက် အခုနောက်ဆုံးအကြိမ်စစ်ဆေးရာမှာလည်း Negative အဖြေသာ ထွက်ရှိလာတယ်လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက Duwun ကိုအတည်ပြုပြောကြားခဲ့ပါတယ်။

လက်ရှိတော့ အဆိုပါ လူနာဟာ မန္တလေးကန်တော်နဒီဆေးရုံမှာပဲ ရှိနေပြီး ရောဂါပျောက်ကင်းသွားတယ်ဆိုပေမယ့်လည်း ဆေးရုံမှာပဲ ၁၄ ရက်ကြာ အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းတွေ ပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။

လူနာကို ပထမအကြိမ်နဲ့ ဒုတိယအကြိမ်စစ်ဆေးရာမှာ Positive ပြသခဲ့ပြီး တတိယအကြိမ်မှာ Negative အဖြေထွက်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့စည်းမျဉ်းအရ နောက်ထပ်တစ်ကြိမ်ထပ်မံစစ်ဆေးမှသာ ရောဂါပျောက်ကင်းကြောင်း ယူဆနိုင်တာကြောင့် လေးကြိမ်မြောက်စစ်ဆေးရာမှာလည်း Negative အဖြေသာထွက်ရှိခဲ့တာဖြစ်ပါတယ်။

လူနာရဲ့ဇနီးဖြစ်သူဟာလည်း Covid-19 နဲ့ပတ်သက်တဲ့ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ဆေးစစ်ချက်အဖြေအရလည်း Negative ဖြစ်တာကြောင့် မကြာခင်မှာ ဆေးရုံကဆေးခွင့်ပြုမယ်လိုပ သိရပါတယ်။

ဒါ့အပြင် နဒီမြန်မာဟိုတယ်မှာ ထားရှိတဲ့ လူနာရဲ့ မိသားစုဝင် တွေဟာလည်း ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး မကြာခင်မှာ နေအိမ်ကိုပြန်ခွင့်ပြုမယ်လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံမှ ဒုဆေးရုံအုပ်ဒေါက်တာခင်ကျော်က ပြောကြားထားပါတယ်။ လူနာ နံပတ် ၄ ဟာ အသက် ၃၃ နှစ်အရွယ် အမေရိကန်နိုင်ငံသားခံယူထားသူ မြန်မာအမျိုးသားဖြစ်ပြီး မန္တလေးတိုင်းချမ်းမြသာစည်မြို့နယ်မှာနေထိုင်တဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လ ၁၉ ရက်နေ့က အမေရိကန်ကနေ ရန်ကုန်ကို ပြန်ရောက်လာခဲ့ပြီး တောင်ဥက္ကလာပမြို့နယ်မှာ တစ်ညအိပ်တည်းခိုနေထိုင်ခဲ့ကာ မတ်လ ၂၀ ရက်မှာ မန္တလေးကို ရောက်ရှိလာခဲ့တာပါ။ အဲဒီနောက် မတ်လ ၂၂ ရက်နေ့မှာ ရောဂါလက္ခဏာတွေ ခံစားခဲ့ရပြီး မန္တလေးပြည်သူ့ဆေးရုံကနေ ကန်တော်နဒီဆေးရုံကို ပြောင်းရွှေ့ကုသနေခဲ့ရာမှာ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။

လက်ရှိ လူနာရဲ့ နေအိမ်တိုက်ခန်းတစ်ခုလုံးကို အသွားအလာကန့်သတ်ထားပြီး လူနာဌားစီးခဲ့တဲ့ အိုးဝေယာဉ်မောင်းကိုလည်း နေအိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်နေကာ ရောဂါပိုးတော့ မတွေ့ရှိရဘူးလို့လည်းသိရပါတယ်။

Source: ဓူဝံ

Post a Comment

Previous Post Next Post