ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်နိုင်စေရန်အတွက် ရွေးချယ်ထားသည့် ထောင်သားအချို့ကို ယာယီလွှတ်ပေးမည်ဟု တရားရေးဝန်ကြီးဌာန Ministry of Justice (MoJ) က ထုတ်ပြန်ခဲ့ကြောင်း Daily Mail က ရေးသားထားသည်။

အန္တရာယ်ပြုနိုင်မှုနည်းပါးသည့် ထောင်သားများကို ရွေးချယ်၍ (၂)လယာယီ လိုင်စင်ထုတ်ပေးကာ လွှတ်ပေးမည်ဖြစ်သည်။

အဆိုပါ ထောင်သားများကို လွှတ်ပေးခြင်းသည် ထောင်သားအချင်းချင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကို လျှော့ချနိုင်စေနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး တရားရေးဝန်ကြီးဌာန MOJ ၏ ထုတ်ပြန်ချက်အရ အကျဉ်းသား ၈၈ ဦးနှင့် ဝန်ထမ်း ၁၅ ဦးသည် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုကို ခံထားရကြောင်း Daily Mail တွင် ဖော်ပြထားသည်။

ဗြိတိန်တွင် အကျဉ်းထောင်ဝန်ထမ်းများ အကျဉ်းထောင်များကို ထိရောက်စွာ ကိုင်တွယ်နိုင်စေရန် ကြိုးပမ်းနေသော်လည်း ဝန်ထမ်း ၂၆ ရာခိုင်နှုန်းခန့် အလုပ်ပျက်ကွက်ခြင်း သို့မဟုတ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု လက္ခဏာပြနေသည့်အတွက် Self-isolation ဖြစ်နေကြောင်း ၊ ဝန်ထမ်းများကို ပို၍ ကာကွယ်နိုင်ရန်နှင့် ထောင်သားများအပေါ် စိတ်ဖိစီးမှုလျော့ကျစေရန်ရည်ရွယ်၍ အန္တရာယ်ပြုနိုင်မှုနည်းပါးသည့် ထောင်သားများကို လွှတ်ပေးရန် စီစဉ်ခြင်းဖြစ်သည်ဟု တရားရေးဝန်ကြီးဌာန MoJ က ပြောဆိုထားသည်။

                               
ဗြိတိန်နည်းတူ ပြင်သစ်နိုင်ငံတွင်လည်း အကျဉ်းသား ၅၀၀၀ လွှတ်ပေးမည်ဟု ကြေညာထားပြီး အမေရိကန်ပြည်ထောင်စုတွင်လည်း ကယ်လီဖိုးနီးယားသီးသန့် ၃၅၀၀ လွှတ်ပေးခဲ့သည်။

ဗြိတိန်တွင် ဧပြီလ ၄ ရက်နေ့ တစ်နေ့တည်း ၇၀၈ ဦး သေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၃၁၃ ဦးရှိလာကာ ၄၁၉၀၃ ဦး ကူးစက်ခံနေရသည်။

DM

Post a Comment

Previous Post Next Post