အခြေခံလူတန်းစားစာရင်းကို ၂ ရက်အတွင်းကောက်ခံမှာပါ

အစိုးရက ဆန်၊ဆီ၊ဆားထောက်ပံ့ပေးမယ့်အစီအစဉ်မှာ ပျံကျဈေးသည်တွေ၊ ကြုံရာကျဘမ်းလုပ်ကိုင်သူတွေ၊ တစ်နေ့လုပ်တစ်နေ့စားသူတွေသာပါဝင်တယ်လို့ ဒီနေ့ မတ်လ ၇ ရက် မနက်ပိုင်းကစပြီး ရပ်ကွက်တွေ၊ မြို့နယ်တွေမှာ လိုက်လံကြေညာနေကြပါတယ်။
ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်းတွေ၊ ပင်စင်စားတွေနဲ့ နေ့စဉ်ပုံမှန်ဝင်ငွေရှိသူတွေကတော့ ပါဝင်မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

ဒီနေ့ မနက်ပိုင်းက စပြီး သက်ဆိုင်ရာ ရပ်ကွက်တွေမှာ သာမန်လက်လုပ်လက်စားစာရင်းတွေကို ကောက်ယူနေပြီး မနက်ဖြန် ဧပြီလ ၈ ရက်နေ့ ၄ နာရီအထိ နောက်ဆုံးထားကောက်ယူမယ်လို့လည်း မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က Duwun ကိုပြောပါတယ်။

“ဒီနေ့မနက်ကစပြီးဆယ်အိမ်စုအလိုက်၊ရာအိမ်စုအလိုက် ကောက်ခံနေတယ်။ အစိုးရဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ မပါဘူး။ ပင်စင်စားတွေမပါဘူး။ စားဝတ်နေရေးအခက်အခဲရှိတဲ့၊ ပုံမှန်ဝင်ငွေမရှိတဲ့ ခေါင်းရွက်ဗျက်ထိုး၊ ဈေးသည်တွေကို အဓိကထားကောက်ခံနေတယ်” လို့ ဦးထွန်းချစ်က ပြောပြပါတယ်။

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို အိမ်ထောင်စုတစ်စုကို ဆန် (၈) ပြည်၊ ဆီ (၅၀) သား၊ ဆား (၅၀) သား၊ ပဲ (၁) ပိဿာ၊ ကြက်သွန် (၁) ပိဿ စုစုပေါင်း (၅) မျိုးကို ဧပြီလ ၁၀ ရက်နေ့ကစပြီး အခမဲ့ ပေးမယ်လို့ အစိုးရက ကြေညာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့မနက်ကစတင်ပြီး မြို့နယ်တွေ၊ ရပ်ကွက်တွေမှာ တစ်အိမ်တက် တစ်အိမ်ဆင်း ကောက်ခံနေတယ်လို့လည်း ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကိုပြောပါတယ်။

“ စာရင်းကတော့ ရပ်ကွက်အလိုက် တစ်အိမ်တက် တစ်အိမ်ဆင်း ဒီနေ့လိုက်ကောက်ပါတယ်။ သူတို့ သတ်မှတ်ချက် ထဲပါတဲ့အတိုင်း ပုံမှန်ဝင်ငွေမရှိတဲ့သူတွေ လက်လုပ်လက်စားတွေပေါ့။ ပြီးမှ စာရင်းကြည့်ပြီး အားလုံးပြန်စိစစ်မယ်။ဝေတာကတော့ ဒီရက်ပိုင်း သင်္ကြန်မတိုင်ခင်ပေါ့” လို့ ဦးသိန်းဇော်ဦးက ဆိုပါတယ်။

လက်လုပ်လက်စားတွေကို ပေးဝေမယ့်အစီအစဉ်မှာ မလိုလားအပ်တဲ့ လေလွင့်ကြန့်ကြာမှုတွေ၊ အဂတိလိုက်စားမှု တွေ မဖြစ်ပေါ်အောင် တိုင်း၊ပြည်နယ် အစိုးရတွေရဲ့ ကြီးကြပ်မှုနဲ့ စာရင်းကောက်ယူခြင်း၊ ထုပ်ပိုးခြင်း၊ ပို့ဆောင်ခြင်း၊ဖြန့်ဖြူးခြင်းတို့ကို ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၊ ရပ်မိရပ်ဖတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပရဟိတလူငယ်တွေပါ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း အစိုးရ ညွှန်ကြားထားပါတယ်။

အခြေခံလူတန်းစားစာရင်းကို ၂ ရက်အတွင်းကောက်ခံမှာပါ။

Credit Duwun

Post a Comment

Previous Post Next Post