COVID-19 ကပ်ရောဂါကို ရင်ဆိုင် တွန်းလှန်ရတဲ့ တိုက်ပွဲမှာ ဗီယက်နမ်တော့ အောင်မြင်သွားကြပြီလို့ ပြောကြတယ်။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့ ဧပြီလ ၁၆ ရက်ကစပြီး ဧပြီလ ၂၄ ရက်အထိ ရှစ်ရက်ဆက်တိုက် COVID-19 ‌ရောဂါကူးစက်မှုသစ် မတွေ့ရတော့ဘူး။ COVID-19 ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့သူ ၂ သိန်းကျော် (တိတိကျကျဆိုရင် ၂၀၆၂၅၃ ယောက်)ထဲမှာ ရောဂါပိုးရှိသူ ၂၆၈ ယောက်ပဲ တွေ့တယ်။ ဒါပေမဲ့ ၂၂၅ ယောက်က ပြန်သက်သာ လာပြီး အခုချိန်အထိ ရောဂါပိုး ရှိနေသေးတာ ၄၃ ယောက် ရှိတယ်။ သေဆုံးသူ တစ်ယောက်မျှ မရှိဘူး။ အခြေအနေ စိုးရိမ်ရသူကတော့ ၈ ယောက် ရှိတယ်။ COVID-19 ရောဂါ စတင် ကူးစက်ပျံ့နှံ့ရာ တရုတ်နိုင်ငံနဲ့ နယ်စပ်ဧရိယာ ကီလိုမီတာ ၁၁၀၀ ထိစပ်နေတာကို ထည့်တွက်ရင် ဗီယက်နမ်နိုင်ငံရဲ့ ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသမှုက အောင်မြင်တယ်လို့ ဆိုရမှာပေါ့။
COVID-19 ရောဂါကို ရင်ဆိုင်တွန်းလှန်နိုင်ဖို့ အစိုးရ ရန်ပုံငွေတောင့်တင်းပြီး ကျန်းမာရေးစနစ် ခိုင်မာအားကောင်းရမယ်လို့ ဆိုကြတယ်။ တကယ်တော့ ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံမှာ ငွေကြေးရော၊ ကျန်းမာရေးစနစ်ရော မပြည့်စုံဘူး။ လူရှစ်သန်းနေတဲ့ ဟိုချီမင်းမြို့ ဆေးရုံတွေရဲ့ အထူးကြပ်မတ် ကုသခန်းတွေမှာ ခုတင် ၉၀၀ ပဲ ရှိတယ်။ ဒီမြို့မှာသာ ကပ်ရောဂါဖြစ်ရင် မတွေးဝံ့စရာ။ ဒါဆိုရင် ဗီယက်နမ်နိုင်ငံက ဘယ်အချက်တွေကြောင့် အောင်မြင်ခဲ့တာလဲ။

အဓိကအ ချက်တွေကတော့…

(၁) တုံ့ပြန်လှုပ်ရှားမှု အားကောင်းတယ်

(၂) အမျိုးသားရေး စိတ်ဓာတ် မြှင့်တင်ပြီး ဗိုင်းရပ်စ်ကို ပြည်ပရန်သူလို သဘောထား ရင်ဆိုင်တိုက်ခိုက်တယ်

(၃) တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ဖို့ တွန့်ဆုတ်မနေဘူး

(၄) စည်းမျဉ်းတွေကို ကြပ်ကြပ် မတ်မတ် အကောင်အထည်ဖော်တယ်

(၅) ကွန်မြူနစ်နိုင်ငံဖြစ်ပေမဲ့ သတင်း အချက်အလက် ပွင့်လင်းမြင်သာတယ် စတဲ့ အချက်(၅)ချက် ကို တွေ့ရပါတယ်။

COVID-19 ကို တွန်းလှန်ရင်ဆိုင်ရာမှာ ဗီယက်နမ်ရဲ့ တုံ့ပြန်လှုပ်ရှားမှုက အဆင့်(၃)ဆင့်ရှိခဲ့တယ်။ အတည်ပြုလူနာ မတွေ့ရသေးခင်ကတည်းက သက်ဆိုင်ရာအစိုးရဌာနတွေ၊ ဆေးရုံ၊ ဆေးခန်းတွေမှာ လိုက်နာရမယ့် ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးစည်းမျဉ်းတွေ ထုတ်တယ်။ တရုတ်နှစ်သစ်ကူးနေ့ မတိုင်ခင် ၂ ရက် အလိုဖြစ်တဲ့ ဇန်နဝါရီလ ၂၃ ရက်က ဟိုချီမင်းမြို့မှာ ပထမဆုံး အတည်ပြုလူနာ ၂ ယောက် စတွေ့တယ်။ သူတို့ ၂ ယောက်က ဇန်နဝါရီလ ၁၃ ရက်မှာ ဝူဟန်ကနေ ဗီယက်နမ်ကို ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေပါ။ သူတို့က တစ်နိုင်ငံလုံးကို ခရီးပတ်သွားပြီး ဇန်နဝါရီလ ၂၃ ရက်ရောက်မှ ဆေးရုံရောက် လာပြီး ရောဂါရှိနေမှန်း တွေ့ရှိခဲ့တာပါ။
ဇန်နဝါရီလ ၃၀ ရက်မှာ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ အမျိုးသားထိန်းချုပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ဖေဖော်ဝါရီလ ၁ ရက်မှာ ဝန်ကြီးချုပ် ငုယင်ရှောင်ဖူက အန္တရာယ်ဖြစ်စေနိုင်တဲ့ အမျိုးသားကူးစက်ရောဂါအဖြစ် ကြေညာလိုက်တယ်။ ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနက WHO နဲ့ ဖုန်းဆက်ဆွေးနွေးပြီး တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဆေးရုံ ၇၀၀ ကို COVID-19 ကာကွယ်ရေးသတင်းအချက်အလက်တွေ ဖြန့်ပေးလိုက်တယ်။ ပြီးတော့ အများပြည်သူ သတင်းအချက်အလက်တွေ သိရအောင် ဝက်ဘ်ဆိုက်တစ်ခု လွှင့်တင်ခဲ့တယ်။ အဲဒီလို ထိထိရောက်ရောက် တုံ့ပြန်လှုပ်ရှားလိုက်လို့ ဖေဖော်ဝါရီလ ၁၁ ရက်အထိ ဗီယက်နမ်မှာ ရောဂါပိုး ရှိသူ ၁၆ ယောက်ပဲ တွေ့ခဲ့တယ်။ သူတို့အားလုံးလည်း ဖေဖော်ဝါရီလအကုန်မှာ ပြန်သက်သာသွားတယ်။ အဲဒီအတွက် အမေရိကန်ရောဂါထိန်းချုပ်ရေးစင်တာတွေ (CDC)ကတောင် ဗီယက်နမ်နိုင်ငံကို ဒေသတွင်း ရောဂါကူးစက်မှု ဖြစ်ပွားနိုင်ခြေရှိတဲ့ နိုင်ငံများစာရင်းကနေ ဖယ်ထုတ်ပေး ခဲ့ပါတယ်။

ဒါပေမဲ့ လူနာအမှတ် ၁၇ ကြောင့် အဲဒီအောင်မြင်မှုက အချိန်သိပ်မကြာခဲ့ပါဘူး။ လူနာအမှတ် ၁၇ ဟာ ဖေဖော်ဝါရီလ ၁၅ ရက်မှာ ဟနွိုင်းမြို့ကနေ အင်္ဂလန်၊ အီတလီ၊ ပြင်သစ်နိုင်ငံတွေကို သွားလည်ခဲ့ပြီး မတ်လ ၂ ရက်နေ့မှာ ဟနွိုင်းကို ပြန်လာခဲ့တယ်။ ပြီးတော့ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစည်းမျဉ်းတွေကိုလည်း မလိုက်နာခဲ့ဘူး။ သူက မတ်လ ၆ ရက်မှာ ဆေးရုံတက်ရတယ်။ နောက် ၂ ရက်အကြာမှာ ဗီယက်နမ်နိုင်ငံက COVID-19 ရောဂါ ရင်ဆိုင်တွန်းလှန်မှု ဒုတိယအဆင့် ဖြစ်လာပြီလို့ ကြေညာလိုက်တယ်။ ကူးစက်ခံရသူနည်းစေဖို့ ပြည်သူ့ကျန်းမာရေးတုံ့ပြန် လှုပ်ရှားမှုတွေကို အရှိန်မြှင့်တယ်။

ပြည်သူတွေက သူတို့ရဲ့ကျန်းမာရေး အခြေအနေကို သတင်းပေးပို့နိုင်ဖို့ NCOVI မိုဘိုင်း Application တစ်ခုကို စတင်ပြီး ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့မှုတွေကို ခြေရာခံရှာဖွေမှု(contact tracing) လုပ်ဆောင်မှုတွေ စတင်ခဲ့တယ်။ ပထမအဆင့်မှာတုန်းက COVID-19 လူနာအများစုဟာ တရုတ်နိုင်ငံက ဝင်ရောက်လာသူတွေဖြစ်ပေမဲ့ ဒုတိယအဆင့် မှာတော့ နိုင်ငံတော်တော်များများက ဝင်ရောက်လာသူတွေမှာ ရောဂါပိုးရှိသူတွေ ပါလာနိုင်တယ်ဆိုတာ သတိထား လှုပ်ရှားရပြီ။ ကျန်းမာရေးဝန်ကြီးဌာနက လိုအပ်လို့ ညွှန်ကြားတဲ့ စည်းမျဉ်းတွေကို အာဏာပိုင်တွေက အကောင်အထည်ဖော်ပေးဖို့ တွန့်ဆုတ်မနေဘူး။ ဥပမာပြောရရင် ဖေဖော်ဝါရီလ ၁၂ ရက်မှာ ဟနွိုင်းမြို့နားက လူဦးရေ ၁၀၀၀၀ ရှိတဲ့ မြို့တစ်မြို့လုံးကို ၃ ပတ်ကြာ အသွားအလာကန့်သတ်စောင့်ကြည့်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဗီယက်နမ်မှာ COVID-19 ရောဂါ အတည်ပြုလူနာ ၁၀ ယောက်ပဲ ရှိပါသေးတယ်။

အနောက်နိုင်ငံတွေက ရောဂါပိုးရှိသူ၊ ရောဂါပိုးရှိသူ နဲ့ တိုက်ရိုက်ထိတွေ့မိသူတွေကိုပဲ မှတ်တမ်းတင်ပြီး Contact Tracing လုပ်တာပါ။ ဒါပေမဲ့ ဗီယက်နမ်ကတော့ ဟာကွက်မရှိစေဖို့အတွက် ရောဂါပိုးရှိသူနဲ့ တိုက်ရိုက်ထိတွေ့မိသူတွေတင်မကဘဲ တစ်ဆင့်ခံထိတွေ့မိသူ၊ နှစ်ဆင့်ခံထိတွေ့မိသူ၊ သုံးဆင့်ခံ ထိတွေ့သူတွေကိုပါ ခြေရာခံစောင့်ကြည့်ရှာဖွေခဲ့ တာပါ။ (ဒီအချက်က လုပ်နိုင်ဖို့ ခဲယဉ်းပေမဲ့ အမှန်တကယ်လိုအပ်တယ်လို့ ဆိုရမှာပါ။ COVID-19 ‌ရောဂါရဲ့ Incubation Period ( ရောဂါပိုးရှိနေပေမဲ့ ရောဂါလက္ခဏာတွေ မပြသေးတဲ့အချိန်ကာလ – ရောဂါပျိုးချိန်) က (၂၁)ရက်အထိ ကြာမြင့်နိုင်ပါတယ်။ အဲဒီအတွက် ရောဂါပိုးရှိသူ၊ သူတို့နဲ့ တိုက်ရိုက်ထိတွေ့သူတွေကိုပဲ ခြေရာခံစောင့်ကြည့်ရှာဖွေနေရင် ”သမင် ၁၀ လှမ်း၊ ကျားတစ်လှမ်း” ဆိုသလို ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ခက်ပါတယ်။ ဗီယက်နမ်ကတော့ အသွားအလာထိန်းချုပ်မှုနဲ့ ထိတွေ့မှုကန့်သတ်ချက်ကို ပြင်းပြင်းထန်ထန် ကိုင်တွယ် ခဲ့လို့ ထိရောက်အောင်မြင်ခဲ့တာပါ။

အစောပိုင်းကတည်းက ရောဂါကူးစက်နိုင်ခြေ များတဲ့ ဒေသတွေကနေ ရောက်လာသူတွေကို ၁၄ ရက်ကြာ အသွားအလာကန့်သတ်ပါတယ်။ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ဖေဖော်ဝါရီလကုန်ကတည်းက ပိတ်ထားတာပါ။ ဗီယက်နမ်နိုင်ငံဟာ COVID-19 ကို ထိန်းချုပ်၊ ကာကွယ်ရာမှာ သူတို့တတ်နိုင်စွမ်းရှိတဲ့ ဘောင်တွေကနေ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ဆေးဝါး နဲ့ နည်းပညာကို မှီခိုအားထားနိုင်ခြင်းမရှိတဲ့ အခြေအနေမှာ အားကောင်းခိုင်မာရင်းစွဲရှိတဲ့ လုံခြုံရေးစနစ်အပေါ် အခြေခံပြီး အများပြည်သူ စောင့်ကြည့်ရေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ပုံဖော်ခဲ့ပါတယ်။ လမ်းတွေတိုင်း၊ ရပ်ကွက်ချင်း ထိစပ်နေတဲ့ နေရာတိုင်း၊ ကျေးရွာတိုင်းမှာ လုံခြုံရေးအရာရှိတွေ၊ ကွန်မြူနစ်ပါတီ စပိုင်တွေ စေလွှတ်ခဲ့ပါတယ်။ အဲဒီတော့ စည်းမျဉ်းချိုးဖောက်တာမျိုးတွေ မဖြစ်ခဲ့ပါဘူး။ COVID-19 ကို တွန်းလှန်တိုက်ဖျက်ရာမှာ စစ်တပ်ကလည်း စစ်သည်တွေနဲ့ ပစ္စည်းကိရိယာတွေ ဖြန့်ကျက်ပံ့ပိုးပေးခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံက ပြည်ပကျူးကျော်သူတွေကို ရင်ဆိုင်တွန်းလှန်ခဲ့ဖူးတဲ့ သမိုင်း အစဉ်အလာရှိပါတယ်။ ဗီယက်နမ်အစိုးရက COVID-19 ရောဂါကို ပြည်ပရန်သူလိုမျိုး ပုံဖော်ဟောပြောခဲ့ပြီး ပြည်သူတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို နိုးကြားစေခဲ့ပါတယ်။ ပြည်ပရန်သူကို တွန်းလှန်ချေမှုန်းဖို့ ပြည်သူတွေ စည်းစည်းလုံးလုံး ရှိရမယ်ဆိုတာမျိုးပေါ့။ တခြားနိုင်ငံတွေမှာလို တစ်ယောက်၊ တစ်မျိုး ကွဲလွဲပြီး လစ်ရင်လစ်သလို စည်းမျဉ်းချိုးဖောက်တာမျိုး မဖြစ်အောင် ပြည်သူတွေကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ထိန်းချုပ်ခိုင်းတဲ့ပုံစံမျိုးပါ။ ဗီယက်နမ်ပြည်သူတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်က အပြုသဘောဆောင်တဲ့ သက်ရောက်မှုရှိသလို ဘေးထွက် ဆိုးကျိုးတွေလည်း ရှိခဲ့ပါတယ်။ ပြည်ပကနေ ပြန်လာတဲ့ ဗီယက်နမ်နိုင်ငံသားတွေမှာ ရောဂါပိုး ပါလာနိုင်လို့ လက်မခံချင်ကြတာမျိုးပေါ့။



ဗီယက်နမ်အာဏာပိုင်တွေရဲ့ သတင်းမှန် စီးဆင်းမှု မြန်ဆန် အားကောင်းလို့ သတင်းတုတွေ ထွက်မလာ ခဲ့ပါဘူး။ ကွန်မြူနစ်အစိုးရဖြစ်ပေမဲ့ COVID-19 ‌ရောဂါကို ရင်ဆိုင်ရာမှာ သတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ခဲ့တဲ့ ဗီယက်နမ်အစိုးရရဲ့ လှုပ်ရှားမှုကြောင့် သတင်းတုတွေကို တိုက်ဖျက်နိုင်ခဲ့ပါတယ်။ သတင်းတု၊ သတင်းမှား ဖြန့်တဲ့သူတွေကို အရေးယူမယ်ဆိုတဲ့ ဥပဒေ ကလည်း စကားလုံးသက်သက်မဟုတ်ဘဲ စည်းနှောင်အားကောင်းလို့ သတင်းမှားတွေ နည်းပါးခဲ့ပါတယ်။ ပွင့်လင်းမြင်သာမှုရှိမှလည်း Contact Tracing လုပ်ရာမှာ ထိရောက်မှုရှိမှာပါ။ ပွင့်လင်းမြင်သာတဲ့ သတင်းအချက်အလက်တွေကြောင့် လူနာအမှတ် ၁၇ ကတော့ အွန်လိုင်းပေါ်မှာ ပြင်းပြင်း ထန်ထန် ဝေဖန်ထိုးနှက်ခံခဲ့ရပါတယ်။ သူက ဥရောပခရီးစဉ်တွေကနေ ပြန်လာချိန်မှာ COVID-19 ရောဂါပိုးရှိနေပြီး အာဏာပိုင်တွေရဲ့ စည်းမျဉ်းတွေကို မလိုက်နာခဲ့သူပါ။

ဗီယက်နမ်နိုင်ငံမှာ အတည်ပြုလူနာမတွေ့ခင်ကတည်းက တရုတ်၊ တောင်ကိုရီးယား၊ အီတလီ၊ အမေရိကန်နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ COVID-19 ကူးစက်ပျံ့နှံ့မှုသတင်းတွေကို ဗီယက်နမ်အစိုးရမီဒီယာတွေက မပြတ်တမ်းဖော်ပြပြီး ပြည်သူတွေ သတိထားမိလာအောင် ပြင်ဆင်ထားခဲ့ပါတယ်။ ဒါကြောင့်လည်း ဗီယက်နမ်နိုင်ငံက COVID-19 ကို ထိန်းချုပ်ရာမှာ ဘတ်ဂျက်နည်းပါးတဲ့နိုင်ငံတွေ အတွက် စံနမူနာတစ်ရပ်လို့တောင် သတ်မှတ်ခံထားရတာပေါ့။ ဗီယက်နမ်က ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်နိုင်ဖို့ လုပ်ဆောင်နေသလို တခြားတစ်ဖက်မှာလည်း တံခါးဖွင့်စီးပွားရေးမူဝါဒကို ဆက်ထိန်းပြီး ဟန်ချက်ညီညီ လျှောက်လှမ်းနိုင် ခဲ့ပါတယ်။ တစ်ကမ္ဘာလုံး ကပ်ရောဂါနဲ့ ရင်ဆိုင်နေ ရချိန်မှာ ဗီယက်နမ်နိုင်ငံက အရမ်းရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ ဗျူဟာမြောက် နိုင်ငံတွေအတွက် အထောက်အပံ့ပစ္စည်းတွေ ပေးပို့ပြီး သံတမန်ဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့တာကတော့ အချိုပေါ်သကာလောင်းတဲ့ အောင်မြင်မှုလို့ပဲ ဆိုပါရစေ။

Credit (ရိုးရာလေး)

Post a Comment

Previous Post Next Post