ယနေ့မနက် ၁၀ နာရီအချိန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ထပ်တိုးတွေ့ရှိရသည့် Covid-19 ကူးစက်ခံရလူနာအမှတ် ၈၉(Case 89)၊ ၉၀(Case 90) ၊ ၉၁(Case 91) တို့ ၃ ဦးမှာ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ဇီဇဝါအိမ်ယာနေသူများဖြစ်ကြောင်း ၊ အင်းစိန်ဘာသာရေးဆုတောင်းပွဲကိစ္စနှင့် ဆက်စပ်သော ထပ်တိုးလူနာများဖြစ်ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က “ဇီဇဝါအိမ်ယာကပါပဲ။ အင်းစိန်အဆက်ပါ။ အိမ်နံပါတ် ၂၄ ပါ။ မိသားစုဝင်တွေပါပဲ” ဟု ပြောသည်။ လက်ရှိတွင် အင်းစိန်ဖြစ်စဉ်နှင့် ပတ်သက်၍ ဇီဇဝါဥယျာဉ်အိမ်ယာမှ စုစုပေါင်း ၉ ဦးမှာ Covid-19 ကူးစက်ခံထားရပြီဖြစ်ကြောင်း သိရသည်။

ဒေါ်သစ်သစ်မြင့် က “တိုက်ကတော့တစ်တိုက်တည်းပဲ။ အခန်းကတော့ ၂၄ နဲ့ ၃၂ ။ ၂ ခန်းပေါ့နော်။ စုစုပေါင်း ၉ ဦးရှိပါပြီ” ဟု ပြောသည်။
အဆိုပါ ၉ ဦးထဲတွင် တရားဟောဆရာ ဒေးဗစ်လား လူနာနံပါတ် (၅၀) အပါအဝင်၊ လူနာနံပါတ် (၄၇) ၊ (၄၈) ၊ (၄၉) ၊ (၅၁) ၊ (၅၂) တို့ပါဝင်သည်။ ယခုထပ်မံတွေ့ရှိရသော လူနာနံပါတ် (၈၉) ၊ (၉၀) ၊ (၉၁) တို့ စုစုပေါင်း ၉ ဦးရှိပြီဖြစ်သည်။

အင်းစိန်မှ ယနေ့တွေ့ရှိ လူနာတစ်ဦးဖြစ်သည့် အသက် ၃၉ နှစ်အရွယ်အမျိုးသား လူနာနံပါတ် ၉၄(Case 94) မှာမူ ဟိုတယ်တွင် ကန့်သတ်စောင့်ကြည့်မှု ခံယူထားသူ ၁ ဦးဖြစ်ကြောင်း သိရသည်။ ၎င်းသည် အင်းစိန်မြို့နယ် မြို့သစ်(က/ခ) ရပ်ကွက် (က-၅)လမ်းတွင် နေထိုင်သူ ၁ ဦးဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ထံမှသိရသည်။

အဆိုပါ လူနာနံပါတ် (၉၄) သည် အင်းစိန်ဘာသာရေးပွဲနှင့် ဆက်စပ်သူဖြစ်ပြီး အဆိုပွဲများတွင် မီးဆလိုက်အပိုင်းဆောင်ရွက်သောပုဂ္ဂိုလ်ဖြစ်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသာအောင် ပြောပြချက်အရသိရသည်။
လက်ရှိတွင် ၎င်းနေထိုင်ရာ လမ်းများကို Lockdown ချခဲ့ပြီးဖြစ်ကြောင်း အင်းစိန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး ပြောပြချက်အရသိရသည်။
၎င်းတို့ Case ၄ ခုသည် အင်းစိန်မြို့နယ်တွင်းပြုလုပ်သော ဘာသာရေးပွဲတစ်ခုမှ ကူးစက်ခံခဲ့ရသူများဖြစ်ပြီး ၎င်းဖြစ်စဉ်များ၏ မူလအစပထမ လူနာမှာ စင်္ကာပူနိုင်ငံမှပြန်လာသော လူနာနံပါတ် ၂၄ ဖြစ်သည်။

ယနေ့အချိန်ထိဆိုလျှင် အင်းစိန် ဘာသာရေးပွဲ ဖြစ်စဉ်နှင့် ဆက်စပ်သည့် လူနာစုစုပေါင်း ၄၀ ကျော်ရှိပြီဖြစ်သည်။

Post a Comment

Previous Post Next Post