ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် ကျန်းမာရေးနဲ့ဆေးဝါးပစ္စည်းဝယ်လိုအားမြင့်တက်လာချိန်မှာ အရည်အသွေးမမီတဲ့ ပစ္စည်းတွေ ဈေးကွက်ထဲနေရာယူနေတာကို တွေ့လာရပါတယ်။ဒါပေမယ့် ကပ်ရောဂါ ဘေးဒုက္ခကာလဖြစ်နေလို့ သုံးစွဲသူတွေကတော့ အရည်အသွေးမီ၊ မမီကို ဂရုစိုက်နိုင် ကြမယ်မထင်ပါဘူး။ ကျန်းမာရေး ရှုထောင့်အရကြည့်ရင်တော့ ဒါဟာ တော်တော်လေးအန္တရာယ်များလွန်းပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စပိန်ကျန်းမာရေးအာဏာပိုင်တွေဟာ အရည်အသွေးမပြည့်မီတဲ့ ကိုဗစ်-၁၉ ပိုးစစ်ဆေးတဲ့ ကိရိယာ Test Kits တွေကို တရုတ်ကုမ္ပဏီထံပြန်အပ်ခဲ့တဲ့ သတင်းထွက်လာပါတယ်။ ဒီသတင်းကို ကြားခဲ့ပြီးသားသူတွေလည်းရှိမှာပါ။ ပုံမှန်အားဖြင့်တော့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ ဒီလို ကျန်းမာရေးပစ္စည်းတွေကို တရုတ်နိုင်ငံကနေ မှာယူခဲပါတယ်။


လက်ရှိအချိန်မှာသူ့ရဲ့ အဓိကကုန်သွယ်ဘက် အမေရိကန်နိုင်ငံကလည်း ကိုရိုနာဗိုင်းရပ်စ် ဂယက်ရိုက်နေတာကြောင့် ကုန်ထုတ်လုပ်မှုကျဆင်းနေတော့ စပိန်နဲ့အတူ ဥရောပနိုင်ငံတော်တော်များများဟာ တရုတ်နိုင်ငံထုတ် နှာခေါင်း စည်းနဲ့ Test Kits တွေမှာယူ သုံးစွဲနေကြရပါတယ်။

အဲဒီထဲက စပိန်နိုင်ငံကို ပထမအသုတ်ရောက်လာတဲ့ Test Kits ၆၄၀၀၀၀ ထဲမှာ အရည်အသွေး မပြည့်မီ တာတွေပါတာကို တွေ့ခဲ့ရပါတယ်။ အဲဒီ Test Kits တွေကိုထုတ်ပေးခဲ့တာက တရုတ်ပြည် ရှန်ကျန်းမြို့အခြေစိုက် Bioeasy နည်းပညာကုမ္ပဏီကပါ။ဒီရက်ပိုင်းအတွင်း သေဆုံးနှုန်းစံချိန်တင်မြင့်တက်နေတဲ့ စပိန်လိုနိုင်ငံအတွက် ဒီလိုကာလမှာ အရည်အသေးမမီတဲ့ ပစ္စည်းတွေကြောင့် ဘယ်လောက်စိတ်အနှောင့်အယှက်ဖြစ်မလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်မယ်ထင်ပါတယ်။ မှာယူခဲ့တဲ့ Test Kits ၆၄၀၀၀၀ ထဲက ၃၄၀၀၀၀ ကို အစားထိုးပြန်ပို့ပေးဖို့ စပိန်အစိုးရက တောင်းဆိုခဲ့ပါတယ်။

ဒီအခါမှာတော့ တရုတ်အစိုးရက ပြန်လည်စစ်ဆေးရာမှာ Bioeasy ဟာ မိမိတို့အာမခံချက်ပေးထားတဲ့ ကုမ္ပဏီ စာရင်းထဲ မပါဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။စပိန်ကျန်းမာရေးအာဏာပိုင်တွေဟာ အရင်တစ်ပတ်ကလည်း တရုတ်နိုင်ငံထုတ် Test Kits ၉၀၀၀ နဲ့ ဗိုင်းရပ်စ်ရှိ၊ မရှိ စစ်ဆေးတာမှာ ၃၀ ရာခိုင်နှုန်းလောက်ပဲ အဖြေထုတ်ပေးနိုင်တာကို တွေ့ခဲ့ရပါတယ်။ စပိန်ရုပ်သံတစ်ခုဖြစ်တဲ့ La Sexta က Talk Show တစ်ခုမှာ ဆိုရင် “အရင်ဆုံးငါတို့ဆီကို ဗိုင်းရပ်စ်ပို့တယ်၊ ဒါပြီး ဗိုင်းရပ်စ်ကိုရပ်တန့်ဖို့ဆေးပစ္စည်းရောင်းတယ်။ အဲဒါအပြင် ငါတို့ကိုပါလိမ်တယ်ဆိုတော့ အရမ်းလွန်သွားပြီ” လို့ ပါဝင်ဆွေးနွေးသူတစ်ယောက်က တရုတ်နိုင်ငံကို ပြင်းပြင်းထန်ထန်ဝေဖန်သွားပါတယ်။

စပိန်နဲ့အတူ တူရကီကလည်း တရုတ်နိုင်ငံထုတ် Test Kits တွေဟာ အရည်အသွေးမမီဘူးလို့ စောဒကတက် ထားပါတယ်။ ချက်နိုင်ငံကလည်းအတူတူပါပဲ။ ကိုဗစ်-၁၉ ပိုးရှိ၊ မရှိ တရုတ်နိုင်ငံထုတ် Test Kits တွေနဲ့ စစ်ဆေးတာမှာ ၈၀ ရာခိုင်နှုန်းလောက် မှားနေတယ်လို့ ဆိုပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ နယ်သာလန်တာဝန်ရှိသူတွေဟာ တရုတ်နိုင်ငံကနေတင်သွင်းတဲ့ နှာခေါင်းစည်း တွေကို အရည်အသွေးမမီလို့ ပြန်ပို့ခဲ့ရတဲ့သတင်းပါ။ ဆေးရုံအသီးသီးကို ဖြန့်ခဲ့ပြီးမှ အရည်အသွေးမမီလို့ ပြန်လိုက်သိမ်းရတဲ့အပေါ် ဒတ်ခ်ျအာဏာပိုင်တွေလည်း ဒေါသထွက်ခဲ့ကြပါတယ်။

အစောပိုင်းက မှာယူထားတဲ့ နှာခေါင်းစည်းအခုရေ ၁ ဒသမ ၃သန်းထဲက တစ်ဝက်လောက်ကို ပြန်ပို့ခဲ့တယ် လို့ဆိုပါတယ်။ ဒတ်ခ်ျအာဏာပိုင်တွေမှာယူခဲ့တာက ဘယ်တရုတ်ကုမ္ပဏီလဲဆိုတာတော့ ထုတ်မပြောခဲ့ပါဘူး။စိုးရိမ်စရာဖြစ်နေတာကတော့ ဥရောပနိုင်ငံတွေက ပြန်ပို့လိုက်တဲ့ နှာခေါင်းစည်း၊ Test Kits နဲ့ တခြားဆေးပစ္စည်း တွေကို တရုတ်ကုမ္ပဏီတွေက မဖျက်ဆီးဘဲ မြန်မာပြည် ဈေးကွက်ထဲပြန်သွင်းလာမှာကိုပါပဲ။ ဥရာပလိုခေတ်မီတဲ့နိုင်ငံတွေကိုတောင်မှ အရည်အသွေးမမီတဲ့ ကျန်းမာရေးကိရိယာတွေပို့ခဲ့တဲ့ တရုတ်ကုမ္ပဏီတွေ ရဲ့လုပ်ရပ်အပေါ် တော်တော်များများလည်း ဝေဖန်နေကြပါတယ်။ တရုတ်အစိုးရအနေနဲ့ ဒီလိုကုမ္ပဏီတွေကို အရေးယူဖို့ပျက်ကွက်ခဲ့ရင် နိုင်ငံ့ပုံရိပ်ကိုများစွာထိခိုက်နစ်နာစေမှာ အမှန်ပါပဲ။

မောင်ဇေယျ (TSTD)

Post a Comment

Previous Post Next Post