နေပြည်တော်က Covid 19 အတည်ပြုလူနာ ဆွစ်ဇာလန်နိုင်ငံသူအမျိုးသမီးကို ပထမအကြိမ် ဆေးထပ်မံစစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိတော့ဘူးလို့ နေပြည်တော်ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက ပြောပါတယ်။

ဒီကနေ့ နေပြည်တော်က သတင်းထောက်များအတွက် ဒုတိယမြို့တော်ဝန်က Mask နဲ့ Handgel များကို မျှဝေတဲ့ အခမ်းအနားမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

“ ဒီရက်ပိုင်း စမ်းသပ်ချက်အရ သူဟာ negative ဖြစ်သွားတယ်။ ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လိုအပ်ချက်အရ နောက်ထပ် သူ့ကို စောင့်ကြည့်နေတယ်။ အကြိမ်ကြိမ်တော့ ထပ်ပြီး စစ်ဆေးအုံးမှာပေါ့။ ပြန်စစ်လို့ နောက်ဆုံး negative ဖြစ်သွားပြီဆိုရင် ကျွန်တော်တို့ဆီမှာ နိုင်ငံခြားက ပြန်လာသူတောင်မှပဲ Positive မရှိတော့ဘူး ပြောလို့ရတယ်” လို့ ဦးရဲမင်းဦးက သတင်းထောက်တွေကိုပြောပါတယ်။
အဆိုပါ ဆွစ်ဇာလန်အမျိုးသမီးဟာ အတည်ပြုလူနာ နံပတ်(၇)ဖြစ်ပြီး မတ်လ(၁၇)ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာနဲ့ ဘန်ကောက်မြို့ကတစ်ဆင့် နေပြည်တော်လေဆိပ်ကို မတ်လ(၁၈)ရက်နေ့ရောက်လာခဲ့သူဖြစ်ပါတယ်။ သူမဟာ ဆွစ်ဇာလန်နိုင်ငံရောက်ရှိစဉ်က ဓာတ်ခွဲအတည်ပြုလူနာဖြစ်တဲ့ သူမရဲ့ ဖခင်နဲ့အတူ (၂)နာရီကြာအနီးကပ်နေထိုင်ခဲ့သူလည်းဖြစ်ပါတယ်။

နေပြည်တော်ကို ပြန်ရောက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ဖျားနာ၊ ချောင်းဆိုးခြင်းတွေဖြစ်ပေါ်ခဲ့တာကြောင့် နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံကြီးမှာ ကုသမှုခံယူနေရင်း မတ်လ(၂၈)ရက်နေ့မှာ ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးက ထုတ်ပြန်ခဲ့တာပါ။

လက်ရှိအဆိုပါအမျိုးသမီးရဲ့ ကျန်းမာရေးအခြေအနေတွေဟာ ကောင်းမွန်လျှက်ရှိပြီး ဆေးစစ်ဆေးချက်‌ negative ဆိုပေမယ့် နောက်ထက် ဆေးရုံမှာ ကုသမှုခံယူရင်း စစ်ဆေးမှုတွေထပ်မံလုပ်ဆောင်သွားအုံးမှာပါ။

မန္တလေးက အတည်ပြုလူနာ နံပတ်(၄)ကလည်း လေးကြိမ်မြောက်ဆေးစစ်ဆေးပြီး နှစ်ကြိမ်ဆက်တိုက် negative ပြခဲ့တာကြောင့် ဆေးရုံကဆင်းခွင့်ရတော့မယ့် အခြေအနေပါ။

လက်ရှိမြန်မာနိုင်ငံမှာတော့ COVID 19အတည်ပြုလူနာ (၂၁)ဦးမှာ တစ်ဦးက ရောဂါအခံနဲ့ကွယ်လွန်သွားခဲ့ပြီး မန္တလေးကလူနာနဲ့ နေပြည်တော်ကလူနာကတော့ ရောဂါပျောက်ကင်းလာ တဲ့သူတွေအဖြစ် အလားအလာရှိနေပါတယ်။

Credit Duwun

Post a Comment

Previous Post Next Post