ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ ဇီးပင်ကွင်းကျေးရွာ၌နေထိုင်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်နိုင်ငံမှ ပြန်လာသည့်အတွက် ၁၄ ရက်ကြာသီးသန့်စောင့်ကြပ်ကြည့်ရှုခံယူနေရာမှ ယနေ့ (ဧပြီ ၂ ရက်) နံနက်ပိုင်းက ထွက်ပြေးခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ဖမ်းဆီးခဲ့ရကြောင်း လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက စံတော်ချိန်သို့ပြောသည်။

ထိုသို့ထွက်ပြေးခဲ့သည့်အတွက် လေးမျက်နှာမြို့နယ် တရားရုံးက ၎င်းကို ထောင်ဒဏ်သုံးလ ချမှတ်လိုက်ကြောင်း အုပ်ချုပ်ရေးမှူးဦးကျော်ထွန်းကပြောသည်။

“ဒီနေ့မနက်ပိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေက အပူချိန်တိုင်းတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေးတယ်။ အဲဒီလိုလုပ်ပြီးတော့ထွက်ပြေးသွားတာ။ သူထွက်ပြေးသွားတဲ့အချိန်မှာ သူတို့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက လေးမျက်နှာကို အလုပ်ကိစ္စနဲ့လာရင်း လမ်းမှာတွေ့တယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေကော ရဲတပ်ဖွဲ့ကော ဒီလိုနေရင် ဘေးပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေတယ်။ စိတ်မချရသေးဘူး ကျန်းမာရေးစောင့်ရှောက်မှုကို နာခံပါလို့ပြောတဲ့အခါ သူက ဘယ်လိုမှ ပြောလို့မရဘူး။ မလိုက်နိုင်ဘူးငြင်းဆန်တယ်” ဟု ဦးကျော်ထွန်းကပြောသည်။

အဆိုပါအမျိုးသားသည် မတ်လ ၂၈ ရက်မှစတင်ကာ လေးမျက်နှာမြို့ရှိ အထက်တန်း ကျောင်းတွင် ၁၄ ရက်ကြာသီးသန့် စောင့်ကြပ်ထားရှိခံရသူဖြစ်ပြီး ၎င်းကို ကူးစက်ရောဂါများကာကွယ်နိုမ်နှင်းရေးဥပဒေ ပုဒ်မ ၁၈ အရအရေးယူခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

“ကျွန်တော်တို့မှာ တခြားသီးသန့်စောင့်ကြည့်ခံရသူတွေလည်းရှိပါတယ်။ သူ့ကိုလစ်လျှူရှုလိုက်ရင်ကျန်တဲ့သူတွေလည်း စည်ကမ်းပျက်မှုအပိုင်းတွေဖြစ်လာမှာ။ နောက်တစ်ခုကတော့တကယ်လို့ သူ့မှာပိုးရှိနေရင် ပတ်ဝန်းကျင်ကို အများကြီးထိခိုက်မှာပါ။ ဒါ့ကြောင့် မတတ်နိုင်တဲ့အဆုံး ကြီးကြပ်မှုကော်မတီအနေနဲ့အစည်းအဝေးထိုင်ပြီး လုပ်လိုက်ရတာပါ”ဟု ဦးကျော်ထွန်းကပြောသည်။

အခုလိုအရေးယူရခြင်းအတွက် စိတ်မကောင်းဖြစ်ရသော်လည်း ပြည်သူများအနေဖြင့် ကျန်းမာရေးအသိပညာအားနည်းခြင်းကြောင့် နေရာအသီးသီး၌ ကြုံနိုင်ကြောင်း ၁၄ ရက်ကြာသီးသန့်စောင့်ကြပ်နေထိုင်ခြင်းသည် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ခြင်းကို သိရှိရန်နှင့် စည်းကမ်းမလိုက်နာပါက သတ်မှတ်ဥပဒေများဖြင့်အရေးယူခံရမည်ကိုကျယ်ကျယ်ပြန့်ပြန့် သိရှိမည်ဆိုပါက ပြည်သူအများ စိုးရိမ်နေသည့် COVID 19 ကို ညီညီညွတ်ညွတ်ဖြင့် ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“သက်ဆိုင်ရာက သွားပြီးဖျောင့်ဖြတာကို သူကလုပ်ချင်ရာလုပ်ဆိုတဲ့ ပုံစံမျိုးဖြစ်လာပါတယ်။ နောက်ဆုံးတော့ အခုလိုဖြစ်လာတာပါ။ ကိုယ့်နိုင်ငံကိုပြန်လာတာကို ကြိုဆိုပါတယ်။ ရောဂါကင်းစင်သည်ဖြစ်စေ၊ မကင်းစင်သည်ဖြစ်စေ။ ပြန်လာတဲ့အခါမှာတော့ နိုင်ငံထဲက ပြည်သူပြည်သားတွေကို ဒုက္ခမရောက်စေဖို့ နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပေးပါ” ဟု လေးမျက်နှာမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က စံတော်ချိန်သို့ပြောသည်။

လေးမျက်နှာမြို့တွင် ပြည်ပမှ ပြန်လာသူများအတွက် ၁၄ ရက်ကြာ သီးသန့်စောင့်ကြပ်ထားရှိသည့်နေရာ သုံးခုရှိပြီး လူဦးရေ ၁၇၀ နီးပါး သီးသန့်စောင့်ကြပ်ကြည့်ရှုခံယူနေကြောင်းသိရသည်။

သတင်း- ကျော်သက်အောင် / စံတော်ချိန်
ဓာတ်ပုံ - ဦးစိုးခိုင်ဖေ့ဘွတ်ခ်

Post a Comment

Previous Post Next Post