စစ်ကိုင်းတိုင်းအတွင်းက ဝင်ငွေနည်းမိသားစုတွေကို အခြေခံစားသောက်ကုန် ၅ မျိုးကို ဧပြီလ ၁၀ ရက်နေ့ကနေ စတင်ထောက်ပံ့ပေးနေပြီး မြို့နယ်အချို့က ကျေးရွာတွေမှာ ရတဲ့ခွဲတမ်းတွေ အစိုးရကို ပြန်လှူဒါန်းတာရှိတယ်လို့ ဒေသခံကိုယ်စားလှယ်တွေက ပြောပါတယ်။
ရေဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးက “ကိုယ်တို့မြို့နယ်မှာဆိုရင် ကျေးရွာအုပ်စု ၆၇ အုပ်စု၊ ကျေးရွာပေါင်း ၁၉၁ ရွာရှိတယ်။ အဲဒီထဲက ၈ အုပ်စုကိုတော့ ဝေပြီးသွားပြီ။ ဝေပြီးသွားတဲ့ ၈ အုပ်စုမှာဆိုရင် မကျည်းတောကျေးရွာက အိမ်ထောင်စု ၁၆၀၊ ဒါက ကြက်သွန်နီတွေ ပြန်လှူတာ။ ကျန်တာတော့ ယူတယ်ပေါ့။ နောက် အောင်ကဲ့ဇင်အုပ်စုက ၅ ရွာ၊ အိမ်ခြေ ၃၆ အိမ် ရှိတယ်။ အဲဒီအိမ်တွေအတွက်ကို ရွာက ဆရာတော်က ထောက်ပံ့ပေးမယ်ဆိုပြီး ပြန်လှူတာ။ ဇေယျဝတီအုပ်စုက ၃ ရွာ အိမ်ခြေ ၇၀၊ ရွာငယ်အုပ်စုက အိမ်ခြေ ၂၅ အိမ်၊ ဒါတွေက လုံးဝမယူဘူး။ နောက်ထပ်လည်း ဒါမျိုးတွေ တိုးလာဦးမယ်။ ပြန်လှူတာတွေကိုတော့ မြို့နယ်စီခန့်က ဘယ်လိုလုပ်မလဲ မသိသေးဘူးပေါ့။ စာရင်းကျန်တာတွေလည်း ရှိရင်ရှိမယ်။ အဲဒီအတွက် ပြန်ဖြည့်တာလည်း လုပ်မှာပေါ့”လို့ ပြောပါတယ်။

ဒါ့အပြင် ကသာ၊ ပုလဲ စတဲ့မြို့နယ်တွေမှာလည်း အခုလို ပြန်လည်လှူဒါန်းတာတွေ ရှိပါတယ်။ ပုလဲမြို့နယ်မှာတင် ကျေးရွာပေါင်း ၁၄ ရွာက အိမ်ခြေ ထောင်ဂဏန်းရှိနေပြီး အဲဒီရွာတွေက ခွဲတမ်းတွေကိုတော့ မီးဘေးသင့်ခဲ့တဲ့ အိမ်ထောင်စုတွေအပြင် တခြားလိုအပ်တဲ့၊ ကျန်ခဲ့တဲ့ အိမ်တွေကို ထောက်ပံ့ပေးသွားမယ်လို့ ဒေသခံကိုယ်စားလှယ်က ပြောဆိုထားပါတယ်။ ဝင်ငွေပုံမှန်မရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ ၅ မျိုး ထောက်ပံ့တာကို မြေပြန့်က မြို့နယ်တွေအပြင် နာဂဒေသမှာလည်း လုပ်ဆောင်နေပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့မှာလည်း ဧပြီ ၁၃ ရက်နေ့ကနေ စတင်ကာ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
နန်းယွန်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးစိမ်းမောင်က “နန်းယွန်းမြို့နယ်မှာတော့ ဆန်၊ ဆီ၊ ဆား အားလုံး မလုံလောက်သေးဘူး။ ရှိတဲ့ဟာနဲ့ မြို့ပေါ်ကို အရင်ဝေမယ်ပေါ့။ မြို့နယ်တွင်းမှာ ထောက်ပံ့ရမယ့် အိမ်ထောင်စု ၈၆၁၆ အိမ်ရှိတယ်။ ကျနော်တို့ဒေသမှာက သင်္ကြန်ကာလအတွင်း နှစ်တိုင်း အလုပ်ပျက်တာ၊ နားရတာမျိုး မရှိဘူး။ တောင်ယာပဲ လုပ်ကြတာ ဆိုတော့လေ။ ကိုဗစ်ကြောင့်လည်း သိပ်မထိခိုက်ဘူးလေ။ ဒေသကတော့ နဂိုကတည်းက ဆင်းရဲတာတော့ ရှိတာပေါ့။ ဒါပေမဲ့ တချို့မြို့ကြီးပြကြီးတွေမှာ စက်ရုံ၊ အလုပ်ရုံတွေ ရပ်နားထားရတော့ ဝင်ငွေမရှိလို့ လက်တွေ့ စားဝတ်နေရေး ခက်ခဲတာတွေရှိတယ်။ အဲဒါတွေကို ပြန်ပြီးလှူနိုင်ရင်တော့ ကောင်းတာပေါ့။ ကျနော့်ဆန္ဒအရဆိုရင်တော့ နိုင်ငံတော်ကပေးတဲ့ ရိက္ခာကို ကိုယ့်ဒေသထက် ပိုပြီးခက်ခဲတဲ့နေရာတွေကို ပိုထောက်ပံ့စေချင်တာပေါ့” လို့ ပြောပါတယ်။
လတ်တလောမှာ နန်းယွန်းမြို့နယ် ကိုဗစ်ကာကွယ်ရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကနေ ကျပ်သိန်း ၃၀ လှူဒါန်းထာပြီး ဆေးဝါးပစ္စည်းတွေလည်း ထိုက်သင့်သလောက်တော့ လုံလောက်မှု ရှိတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ ဝင်ငွေနည်းအိမ်ထောင်စု ၄၄၀၀၀၀ ကျော်ရှိပြီး လူဦးရေ ၁၈ သိန်းကျော် ရှိပါတယ်။ အိမ်ထောင်စုတစုအတွက် ဆန် ၈ ပြည်၊ ဆား ၅၀ သား၊ ဆီ ၅၀ သား၊ ကြက်သွန် ၁ ပိဿာ၊ ပဲ ၁ ပိဿာ စတဲ့ အခြေခံစားသောက်ကုန် ၅ မျိုးကို ထောက်ပံ့ပေးဖို့ စုစုပေါင်း ကျပ်သန်း ၅၅၀၀ ကျော်သုံးစွဲသွားမှာပါ။

တချို့ဒေသတွေမှာတော့ ပါသင့်ပါထိုက်သူတွေ မပါဝင်ဘဲ စာရင်းကျန်တာတွေလည်း ရှိနေပါတယ်။ နိုင်ငံတော်ကို ပြန်လှူတာတွေနဲ့ပတ်သက်လို့ကတော့ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့တွေက စီစဉ်ဆောင်ရွက်သွားမယ်လို့ လူမှုရေးဝန်ကြီးက ပြောပါတယ်။

ဒီဗွီဘီ

Post a Comment

Previous Post Next Post