ကိုရိုနာဗိုင်းရပ်စ် Covid-19 နှင့်ပတ်သက်၍ ပြည်သူများအခမဲ့ခေါ်ဆိုနိုင်မည့် Call Center ကို ယခုလ ဧပြီလ ဒုတိယအပတ်တွင် စတင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသိရသည်။

Call Center ၏ ဖုန်းနံပါတ်မှာ ၂၀၁၉ သတ်မှတ်ထားပြီး ပြည်သူများအနေဖြင့် အခမဲ့ခေါ်ဆိုကာ Covid-19 ရောဂါနှင့်ပတ်သက်၍ မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းကို ယခုလ ဒုတိယအပတ်တွင်စတင်ဆောင်ရွက်မည်ဖြစ်ပြီး ဆေးသုတေသန ဦးစီးဌာနမှ ဝန်ထမ်း (၅၀) ဦးက တာဝန်ထမ်းဆောင် ဖြေကြားပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ညထုတ်ပြန်ချက်အရသိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နေ့လယ်က ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) သို့သွားရောက်ကာ Covid-19 နှင့် ပတ်သက်၍ ပြည်သူများ သိရှိလိုသည်များ မေးမြန်းနိုင်ရန် Call Center တစ်ခု ပြုလုပ်သွားရန် စီစဉ်ထားရှိမှုအခြေအနေများ ရှင်းလင်း တင်ပြပွဲသို့တက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါ Call Center ကို Blue Ocean ကုမ္ပဏီလီမီတက် နှင့် OnDoctor ကုမ္ပဏီလီမီတက် တို့က ပံ့ပိုးခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီလ (၄)ရက် ညနောက်ဆုံးထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံတွင် Covid-19 ကူးစက်ခံထားရသူ ၂၁ ဦးတွေ့ရှိထားသည်။

သတင်းတမန်

Post a Comment

Previous Post Next Post