COVID-19 လူနာအမှတ် ၈၂ နှင့် ရန်ကုန်-မန္တလေးခရီးစဉ်တွင် လေယာဉ်အတူစီးခဲ့သူ မုံရွာမြို့မှ အမျိုးသမီးနှစ်ဦးအား ဒေါနခြံရပ်ရှိ Facility Quarantine တွင် ယနေ့ နံနက်ပိုင်းက ပို့ဆောင်ထားသည်။

၎င်းတို့မှာ အောင်မင်္ဂလာရပ် မှ အသက် ၄၉ နှစ်အမျိုးသမီးနှင့် သလ္လာရပ်ကွက် မှ ၃၈ နှစ်အရွယ်အမျိုးသမီးတို့ ဖြစ်သည်။

"ဧပြီ ၇ ရက်နေ့က မုံရွာရောက်တာ၊လေဆိပ်ကို သူတို့အိမ်ကကားနဲ့သွားခေါ်တာ၊လူနာနဲ့အတူ လေယာဉ်ပေါ်မှာ ပါလာတဲ့သူတွေကို ကြေညာတော့ သူတို့ပါလာတာတွေ့လို့ ဒီနေ့ ၁၂ နာရီကပဲ သူ့အသိစိတ်နဲ့သူ Quarantine သွားဝင်ပါတယ်၊အဖျားကတော့ မရှိပါဘူး " ဟု အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုချိုဝင်းမောင် ကပြောသည်။

၎င်းတို့အား ၂၁ ရက်စောင့်ကြည့်၍ ဓာတ်ခွဲနမူနာများရယူကာ ရန်ကုန်သို့ ပို့စစ်ဆေးသွားမည် ဟုသိရသည်။

၎င်းတို့နှစ်ဦး၏ မိသားစု ဝင်များကိုလည်း နေအိမ်အသွားအလာကန့်သတ် Home Quarantine ပြုလုပ်ထားမည်ဖြစ်ပြီး ဆေးဖျန်းမှု ကို ဆက်လက်လုပ်ဆောင်မည် ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သတင်းရရှိသည်။

လူနာအမှတ် ၈၂ နှင့်အတူ ဧပြီ ၇ ရက်ကလေယာဉ်အတူစီးခဲ့သော စစ်ကိုင်းတိုင်းရွှေဘိုမြို့ ဆင်းကွက် အရှေ့ရွာသို့ ရောက်နေသော ရန်ကုန်မှ အမျိုးသားတစ်ဦးအားလည်း ရွှေဘိုတက္ကသိုလ် Quarantine တွင် ဧပြီ ၁၈ ရက်နေ့က စောင့်ကြည့် အဖြစ်ထားရှိကြောင်း သတင်းရရှိသည်။

လူနာအမှတ် ၈၂ သည် မန္တလေးလေးမြို့ အောင်မြေသာစံမြို့နယ် မေဃဂီရိရပ်ကွက်မှ အမျိုးသမီးဖြစ်ပြီး ဧပြီ ၁၆ ရက်နေ့က ပိုးတွေ့လူနာအဖြစ် ကျန်းမာရေးဝန်ကြီးဌာနမှ အတည်ပြု ကြေညာခဲ့ခြင်းဖြစ်သည်။

ပိုးတွေ့လူနာအမျိုးသမီးသည် တူရကီမှ ရန်ကုန်သို့ မတ်လ ၂၅ ရက်က ပြန်ရောက်ပြီး Hotel Quarantine ၁၄ ရက်ဝင်ခဲ့သည်။ယင်းနောက် ဧပြီ ၇ ရက်တွင် ရန်ကုန်မှ မန္တလေးသို့လေကြောင်းလိုင်းဖြင့် ပြန်လာခဲ့သည်။

ယင်းနောက် နေအိမ်၌ သီးခြားနေထိုင်စဉ် အစားအသောက်စားရာ အနံ့အရသာ ပျောက်သွားသဖြင့် ဆေးရုံသို့ပြသရာမှ တဆင့် ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

Source -#MonywaGazette
ကိုသစ္စာ-မုံရွာ 

Post a Comment

Previous Post Next Post