တစ်ရက်လျှင် လူ ၁၄၀၀ ခန့်ကို COVID-19 ရောဂါပိုး ရှိ၊ မရှိစစ်ဆေးနိုင်မည့်စက်တလုံး မကြာမီရောက်ရှိတော့မည်ဖြစ်ပြီး ယင်းစက်ကို ရန်ကုန် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းတွင် ထားရှိစစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ “ဒီစက်က ကောင်းတယ်။ တခါလည်ပတ်ရင် လူနာ ၈၀၀ ကျော်လောက်စမ်းလို့ရတဲ့အတွက် ကျွန်တော်တို့နိုင်ငံထဲရောက်လာရင်တော့ COVID-19 ရောဂါပိုး ရှိ၊ မရှိပိုပြီးစစ်နိုင်မယ်။ တနေ့ကို လူဦးရေ ၁၄၀၀ ကျော်လောက် စစ်လိုရမယ့် အထောက်အကူဖြစ်လာမှာပါ”ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်ကပြောသည်။



COVID-19 ရောဂါပိုးရှိ၊ မရှိကို Automatic နည်းလမ်းဖြင့် တိကျမြန်ဆန်စွာ ၈ နာရီအတွင်း လူပေါင်း ၃၈၀ ကျော်နှင့် ၂၄ နာရီအတွင်း လူပေါင်း ၁၃၀၀ ကျော်ကိုစစ်ဆေးနိုင်သော Cobas 6800 Analyser စက်တလုံးနှင့် ယင်းစက်နှင့်တွဲဖက်၍ လူအယောက် ၁၁၀၀ ကျော်စစ်နိုင်သည့် ရောဂါရှာဖွေရေးဆေးရည် Reagent (made in USA) တို့ မကြာမီ မြန်မာနိုင်ငံအတွင်းရောက်ရှိမည်ဖြစ်ကြောင်း ဒေါက်တာသာထွန်းကျော်ကဆက်လက်ပြောသည်။ “မနေ့ကအထိ ဂျာမနီနိုင်ငံလေဆိပ်တခုမှာ ရောက်နေတယ်လို့ သတင်းရပါတယ်။ လောလောဆယ် ရန်ကုန်ကိုမရောက်သေးပါဘူး။ ရောက်ရင် ရန်ကုန်ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းမှာထားပါမယ်”ဟု ၎င်းကပြောသည်။



ထို COVID-19 ရောဂါစစ်ဆေးသည့်စက်အပါအဝင် ကျပ်သိန်း ၈၀၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းမများကို AA Medical Products Ltd မှ ဧပြီ ၅ ရက်က ကျိုက္ကဆံအားကစားကွင်း ပြည်ထောင်စုခန်းမ၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ အခမ်းအနားဖြင့် လှူဒါန်းခဲ့သည်။ ယင်းစက်သည် US FDA ၏ မှတ်ပုံတင်ရရှိပြီးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဧပြီ ၆ ရက် နံနက်ပိုင်းအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၁ ဦးအထိရှိပြီး သေဆုံးသူ ၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

MINISTRY OF HEALTH AND SPORTS
#News_Watch

Post a Comment

Previous Post Next Post