အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းက Kepuh ရွာလေးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးပြန့်ပွားနေစဉ်ကာလအတွင်း လူတွေကို အိမ်ထဲမှာနေအောင် ထူးခြားတဲ့နည်းလမ်းတစ်ခုအသုံးပြုခဲ့ပါတယ်။

အာဏာပိုင်တွေက အယူသီးတဲ့ သက်ကြီးရွယ်အိုတွေကြောက်ပြီး အိမ်ထဲမှာနေအောင် ကင်းလှည့်အဖွဲ့ဝင်တွေကို အဖြူရောင်အဝတ်တွေ ပတ်ပေးပြီး ပိုကုန်း (Pocong) သရဲယောင်ဆောင်စေခဲ့တာပါ။ ပိုကုန်း (Pocong) ဟာ ရိုးရာသရဲပုံပြင်ထဲက အဝတ်ဖြူပတ်ထားတဲ့ အလောင်းကောင်ဖြစ်ပါတယ်။
ရောဂါပိုးပြန့်ပွားမှုကို ဟန့်တားဖို့အတွက် လူတွေအပြင်မထွက်အောင် ရပ်ရွာလူငယ်အဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားတွေဟာ ရိုးရာသရဲ၊ စုန်းပုံပြင်တွေကို ယုံကြည်ကြပြီး ရွာတွေမှာ အယူသန်ကြဆဲဖြစ်ပါတယ်။
ဧပြီလအစောပိုင်းက စတင်ခဲ့တဲ့အစီအစဉ်ဟာ စစချင်းမှာ အောင်မြင်ပုံရခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆန့်ကျင်ဘက်ရလဒ်တွေကို မြင်တွေ့ခဲ့ရပါတယ်။ လူတွေက သရဲကြောက်ပြီး အိမ်ထဲမှာနေမယ့်အစား သရဲကိုတွေ့ဖူးချင်လို့ အိမ်ပြင်ထွက်လာသူတွေ ရှိခဲ့တာကြောင့်ပါ။
အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိတ်ဆို့စောင့်ကြည့်မှု တွေမလုပ်ဆောင်သေးဘဲ လူတွေကို အိမ်ထဲမှာနေဖို့နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ဖို့သာ တိုက်တွန်း နေဆဲပါပဲ။ အရှေ့တောင်အာရှဒေသတွင်းမှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံးဖြစ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေထိုင်ချင်ကြသူတွေကြောင့် အိမ်မှာပဲနေ ဖို့ညွှန်ကြားချက်တွေကို လိုက်နာမှုအားနည်းနေတာ တွေ့ရှိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ဧပြီလ ၁၃ ရက်ထိ စာရင်းတွေအရ COVID-19 ရောဂါပိုးကူးစက်ခံရသူ ၄၅၀၀ ကျော်နဲ့ သေဆုံးသူ ၃၉၉ ဦးရှိနေပြီဖြစ်ပါတယ်။

အင်ဒိုနီးရှားတက္ကသိုလ်ကသုတေ သီတွေရဲ့ခန့်မှန်းချက် အရနိုင်ငံတွင်းမှာ ပိုမိုတင်းကြပ်တဲ့ထိန်းချုပ်စောင့်ကြည့်မှုတွေမလုပ်ရင် လာမယ့်မေလမှာ သေဆုံးသူ ၁၄၀၀၀၀ နဲ့ရောဂါကူးစက်ခံရသူ ၁ ဒသမ ၅ သန်းအထိ ရှိလာနိုင်တယ်လို့ သိရပါတယ်။

Post a Comment

Previous Post Next Post