ဆေးရုံကို တိုက်ရိုက်သွားရောက်ကုသစရာမလိုဘဲ မြို့နယ်က ဆေးခန်းတွေမှာ သွားရောက်ကုသနိုင်ပါတယ်။ Covid- 19 သံသယလူနာ ဟုတ်မဟုတ် သီးသန့်ကြည့်ရှူစစ်ဆေးပေးမယ့်ဆေးခန်းတွေကို မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ တာမွေ၊ ဗိုလ်တထောင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အရှေ့ဒဂုံ စတဲ့ မြို့နယ်တွေမှာ ဖွင့်လှစ်ထားပြီး သာကေတ၊ သန်လျင်၊ ဗဟန်း ၊ ရန်ကင်း နဲ့ တောင်ဥက္ကလာ ၊ မှော်ဘီ တို့အပါအဝင် ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ တခြားမြို့နယ်တွေမှာလည်း မကြာခင် ဖွင့်ဖို့ စီစဉ်နေပါတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေအလိုက် Fever Clinic လို့ ခေါ်တဲ့ ဖျားနာလူနာကုသဆေးခန်းတွေကို ယာယီပိတ်သိမ်းထားပြီး မကြာခင်မှာပဲ စနစ်ကျတဲ့ လမ်းညွှန်ဆောင်ရွက်မှုတွေနဲ့ ဆေးခန်းတွေ ဖွင့်လှစ်နိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဖျားနာသူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် သံသယ ရှိလာတဲ့ အခါ ဆေးရုံကို တိုက်ရိုက်သွားစရာမလိုဘဲ သက်ဆိုင်ရာ ဆေးခန်းတွေမှာ စစ်ဆေးမှုခံယူနိုင်ပါတယ်။
“ဧပြီ ၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ဖွင့်ခဲ့ပြီး ခုတော့ ခဏ ယာယီ ပိတ်ထားလိုက်တာပါ။ ခု ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ လမ်းညွှန်မှုတွေ ၊ သင်ကြားပေးမှုတွေနဲ့ မကြာခင် ပြန်လည် ဖွင့်လှစ်သွားဖို့ရှိပါတယ်။ ပြန်လည်ဖွင့်လှစ်တဲ့အချိန်မှာလည်း တခြားမဖွင့်ရသေးတဲ့ မြို့နယ်တွေလည်း ပါဝင်လာမှာပါ။ ကျန်းမာရေးဌာန က ချထားတဲ့ Guidelines အတိုင်း ပြန်လည်ဖွင့်သွားမှာပါ။ လူနာကတော့ ဖျားနာတဲ့ လူနာတွေအတွက်ပါ ကိုရိုနာ လား ရိုးရိုးဖျားတာလား စမ်းသပ်မယ်။ချောင်းဆိုးတယ်၊ မောတယ် အရမ်းဆိုးဆိုးဝါးဝါးကြီးဖြစ်နေတယ်ဆိုရင်တော့ ဆေးရုံတွေကို လွှဲပေးမယ် ။ သံသယလူနာလို့ ထင်လာပြီး ကျွန်တော်တို့ဆီကို လာပြတတဲ့လူနာတွေကို သေချာ စစ်ဆေးပေးပြီးတော့ ဟုတ်တယ်ဆိုရင် သက်ဆိုင်ရာ ဆေးရုံကို ပို့ပေးပါတယ်။” လို့ Fever Clinic ရဲ့ ဆောင်ရွက်ချက်တွေကို Fever Clinic တာဝန်ခံ ဒေါက်တာ ကျော်မင်းထွန်းက Duwun ကို ပြောပါတယ်။

ဧပြီလ ၁၆ ရက်နေ့မှာတော့ ဖွင့်လှစ်ထားတဲ့ ဖျားနာလူနာကုသဆေးခန်းတွေကို ယာယီပိတ်သိမ်းစေပြီး ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရဲ့ လမ်းညွှန်ချက်နဲ့ ရန်ကုန်တိုင်း မြို့နယ်အသီးသီးက ဖျားနာလူနာကုသဆေးခန်းတွေ ဖွင့်လိုတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေကို စနစ်တကျ သံသယလူနာတွေကို စိစစ်မှုပေးနိုင်ဖို့ သင်တန်းတွေပေးနေတယ်လို့ သိရပါတယ်။ သံသယလူနာ စိစစ်မှု ပိုမိုထိရောက်စေဖို့နဲ့ ရောဂါထိန်းချုပ်မှု ထိရောက်စေဖို့ အတွက် အင်းစိန်ပြည်သူ့ဆေးရုံကြီး ပါမောက္ခဒေါက်တာ ဒေါ်မာမာကြည် ဦးဆောင်ပြီး ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံဆရာဝန်အသင်းခန်းမအတွင်း စေတနာ့ဝန်ထမ်း ဆရာဝန်တွေကို သင်တန်းပို့ချပေးခဲ့တာပဲ ဖြစ်ပါတယ်။
“အခု Fever Clinic တွေ ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဆရာမတို့ ဆေးရုံကို လူနာတွေ ရောက်လာတဲ့အခါမှာ သံသယလူနာလား၊ ရိုးရိုးဖျားနာတာလား မသိတော့ PPE ဝတ်စုံတွေ မဝတ်ဘဲ စမ်းသပ်မိတာ ကြည့်မိတာတွေ ရှိတယ်၊ အဲဒီတော့ Covid လူနာတွေကို သီးသန့်ကြည့်မယ့် ဆေးခန်းတွေ ဖွင့်ဖို့ အစ်မတို့ ဆွေးနွေးတယ်။ ဒါ့ကြောင့် ဆေးခန်းဖွင့်မယ့် စေတနာ့ဝန်ထမ်း ဆရာဝန်တွေကို ဆေးခန်း ဘယ်လို တည်ဆောက်မလဲ ၊ လူနာကို စနစ်တကျ ဘယ်လို စစ်ဆေးမလဲဆိုတာတွေကို ဒီနေ့ သင်ပေးတာပေါ့။ မြန်မာနိုင်ငံအတိုင်းအတာအထိ ဖွင့်ဖို့အတွက်ကတော့ ဒီက ဆေးခန်းဖွင့်တဲ့ပုံစံ၊ စစ်ဆေးတဲ့ပုံစံ ၊ PPE ဝတ်ဆင်တဲ့ ပုံစံတွေကို နယ်က ဆေးရုံ တာဝန်ကျ ဆရာတွေ ၊ ဆရာမတွေကို သင်ပေးလိုက်မယ်ဆိုရင်တော့ ဖွင့်လို့ရသွားမှာပါ။”လို့ အင်းစိန်ပြည်သူ့ဆေးရုံကြီး ပါမောက္ခဒေါက်တာ ဒေါ်မာမာကြည် က Duwun ကို ပြောပါတယ်။
ဖျားနာလူနာတွေ နဲ့ သံသယလူနာတွေဟာ မိမိရဲ့ သက်ဆိုင်ရာ မြို့နယ်မှာရှိတဲ့ Fever Clinicတွေမှာ သွားရောက်ဆေးကုသမှုခံယူနိုင်ပြီး အခကြေးငွေပေးစရာ မလိုဘူးလို့လည်း သိရပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့ မနက် ၇ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်း ‌ရောဂါဖြစ်ပွားနေသူပေါင်း ၁၀၇ ဦး ရှိနေပြီး ရောဂါပိုးတွေ့ရှိသူအများဆုံးဟာ ရန်ကုန်တိုင်းအတွင်းဖြစ်ပြီး ၈၈ ဦးတွေ့ရှိရတယ်လို့ သိရပါတယ်။

ဓူဝံ

Post a Comment

Previous Post Next Post