မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နှင့် သထုံမြို့နယ်တွင် Hospital Quarantine စောင့်ကြည့်လူနာ နှစ်ဦးသေဆုံးခဲ့ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

“လတ်တလော သေဆုံးသွားတဲ့ လူနာတွေကတော့ PUI မဟုတ်ဘူး။ Hospital Quarantine ထားရှိထားတဲ့ သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံက တစ်ယောက်ပါ။ သူက ဧပြီလ ၁၀ ရက် မနက် ၉း၁၅ အချိန်လောက်က ဆုံးသွားတာပါ။ သူ့မှာက နဂိုကတည်းက နှလုံးရောဂါအခံရှိတယ်။ ဒါပေမယ့် နိုင်ငံခြားပြန် ဖြစ်တာရယ်၊ ဖျားတယ်၊ ချောင်းဆိုးတယ်။ အနည်းငယ်မောပြီးတော့ ဆေးရုံတက်လာတာပေါ့။ သူက ဧပြီလ ၉ ရက် ညပိုင်းကတည်းက နည်းနည်းမောလာတယ်။ ဧပြီလ ၁၀ ရက် မနက်ပိုင်းမှာတော့ ဆုံးသွားတာပါ။ အဲ့ဒီလူနာ သေဆုံးသွားရတဲ့ အကြောင်းအရင်းကို သူ့ရဲ့ ပင်ကိုယ်အခံရောဂါဖြစ်တဲ့ နှလုံးရောဂါကြောင့်လို့သတ်မှတ်ထားပါတယ်” ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “နောက်တစ်ဦးက သထုံမြို့ကပါ။ သူက ဧပြီ ၇ ရက်ကတည်းက ဆေးရုံတက်နေတာ။ သူ့ရဲ့ နဂိုရောဂါက အဆုတ်တီဘီရောဂါ ရှိနေတယ်။ အဆုတ်မှာ တော်တော်လေးလည်း ပြန့်နှံ့နေပြီး။ နောက်တခြားရောဂါ တစ်ခုလည်း ထပ်ရှိသေးတယ်။ အဲ့ဒါကို ကုသနေရင်းနဲ့ဒီ ဧပြီလ ၉ ရက်မနက်ပိုင်းမှာဘဲ အမောဖောက်ပြီး ဆုံးသွားတာပါ။ သူကိုကျတော့ ဓါတ်ခွဲနမူနာ မယူရသေးတဲ့ အခါကျတော့ ဆုံးပြီးမှ ယူထားလိုက်တယ်။ နောက်အလောင်းကို ခွဲစိတ်စစ်ဆေးတော့လည်း အဆုတ်တစ်ခုလုံးမှာ တီဘီအစက်အပြောက်တွေ အများကြီး ရှိနေတယ်။ အလောင်းကိုတော့ သထုံခရိုင် ကျန်းမာရေး ဦးစီးမှူးရဲ့ ထောက်ခံချက်နဲ့သူ့ရဲ့ရပ်ရွာမှာ ပြန်ပြီးတော့ မွန်းလွဲ ၂ နာရီအချိန်မှာ သင်္ဂြိုလ်လိုက်တယ်လို့သိရပါတယ်” ဟု ပြောကြားသည်။

မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံ၌ ပြီးခဲ့သည့် ဧပြီလ ၈ ရက်က သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ အမျိုးသမီးတစ်ဦး ဆုံးသွားကြောင်း၊ ၎င်း၏ အဆုတ်နှစ်ဘက်လုံးမှာ တီဘီရောဂါပိုးများ တွေ့ရကြောင်းနှင့် ထိုမှ နမိုးနီးယားဝင်ပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း ဒေါက်တာဝတ်မှုံက ဆိုသည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဧပြီလ ၁၀ ရက် နံနက် ၃ နာရီထုတ်ပြန်ချက်အရ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံတွင် Hospital Quarantine စောင့်ကြည့်လူနာ တစ်ဦးတွင် COVID-19 ကူးစက်ရောဂါပိုး တွေ့ရှိခဲ့ကြောင်းနှင့် ၎င်းအား Case-027 အဖြစ် သတ်မှတ်ကာ မော်လမြိုင် အထွေထွေရောဂါကု ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ကာ စောင့်ကြည့် ကုသမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

EMG

Post a Comment

Previous Post Next Post